ဂျပန်နိုင်ငံ ရှီဇူအိုက က မြေပြိုမှုကြောင့် လူ ၂၀ ဦး လောက် ပျောက်ဆုံး၊၂ ဦး နှလုံးရပ်လျှက် တွေ့ရှိ

ဂျပန်နိုင်ငံ ရှီဇူအို့က ခရိုင်မှာ ကြီးမားတဲ့ မြေပြိုမှုကြောင့် အိမ်တွေပြိုကျ နစ်မြုပ်ခဲ့ပြီး နှလုံးရပ်နေတဲ့ လူ ၂ ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ လူ ၂၀ လောက် ကို ရဲတွေနဲ့ မီးသတ်သမားတွေက ဆက်လက် ရှာဖွေနေကြပါတယ်။
ဂျပန့် ပစိဖိတ် ကမ်းရိုးတမ်းတစ်လျှောက်မှာရှိတဲ့ ဒေသတွေမှာ စနေနေ့ အစောပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။
ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၀ လောက်ဟာ ပြုလုပ်နေတဲ့ Atami မြို့မှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင် နေကြပါတယ်။
မြေပြိုမှုအပြီးမှာ အဲဒီမြို့မှာနေထိုင်ကြတဲ့ အိမ်ထောင်စု ၂၀၀၀၀ လောက် အတွက် အမြင့်ဆုံး "တိမ်းရှောင်ရေး အမိန့်"ကို ဒေသန္တရအရာရှိတွေက ထုတ်ပြန်ခဲ့ပြီး ဘေးကင်းရာမှာ တိမ်းရှောင်နေကြဖို့ ပြောကြားခဲ့ပါတယ်။ လူ ၈၀ လောက်ကတော့ တိမ်းရှောင်ရေးစခန်းတွေကို ရောက်ရှိနေပြီလို့ အရာရှိတွေက ပြောပါတယ်။
ဒေသခံတစ်ယောက်က NHK ကို ပြောကြားခဲ့ရာမှာ သူ့အနားမှာ မြေပြိုတာကို တွေ့မြင်ခဲ့ပြီးတဲ့နောက် မြေအမြင့်ပိုင်းနေရာကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ခြားလူတစ်ယာက်ကတော့ မြေပြိုတဲ့အသံကို အရင်ကြားခဲ့ရပြီး အိမ်တွေနဲ့ ဓာတ်တိုင်တွေကို ရွှံ့မြေတွေ ဖုံးသွားတာ တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။
ရာသီအလိုက် ဖြစ်ပေါ်တဲ့ လေဖိအား လမ်းကြောင်းတစ်ခု ကြာမြင့်စွာဖြစ်ပေါ်နေတာကြောင့် အခုလို မိုးကြီးတာလို့ ဂျပန်မိုးလေဝသအေဂျင်စီအရာရှိတွေက ဆိုပါတယ်။ ရှီဇူအိုက နဲ့ ခါနာ့ဂါ့ဝါ ခရိုင်တွေမှာ အဆိုးရွားဆုံး မိုးရွာသွန်းခဲ့ပါတယ်။
Atami မြို့မှာ မိုးရွာသွန်းမှုဟာ ဇူလိုင်လမှာ ရွာသွန်းလေ့ရှိတဲ့ ပျှမ်းမျှမိုးရေချိန်ထက် ကျော်လွန်နေပြီလို့ အရာရှိတွေက ပြောပါတယ်။
ရှီဇူအိုကနဲ့ ခါနာ့ဂါ့ဝါ ခရိုင် နေရာတစ်ချို့မှာ မြေပြိုနိုင်တဲ့အန္တရာယ်ရှိတယ်ဆိုတဲ့ သတိပေးချက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ တစ်ချို့မြစ်တွေမှာ အန္တရာယ်ရှိတဲ့ မြစ်ရေပမာဏကို ကျော်လွန်နေပြီ ဖြစ်ပါတယ်။
မြေပြိုမှု၊မြစ်တွေရေလျှံမှုနဲ့ မြေနိမ့်ဒေသတွေမှာ ရေကြီးမှုတွေ ပိုမို ဖြစ်ပွားလာနိုင်တယ်လို့ သူတို့က သတိပေးထားပါတယ်။ ဘေးကင်းရာကို တိမ်းရှောင်ဖို့ နောက်ဆုံးထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို သတိထားစောင့်ကြည့်ကြဖို့ လူတွေကို တိုက်တွန်းနေပါတယ်။