ဟောင်ကောင်ကို ဗြိတိန်ကနေ တရုတ်ဆီ လွှဲပြောင်းခဲ့တဲ့ အထိမ်းအမှတ်နေ့မှာ လူ ၁၉ ဦး ဖမ်းဆီးခံရ

ဟောင်ကောင်ကို ဗြိတိန်ကိုလိုနီစနစ်ကနေ တရုတ်ဆီ လွှဲပြောင်းပေးပြီး ၂၄ နှစ်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ အခမ်းအနားတစ်ခု ကျင်းပခဲ့ချိန်မှာ လူ ၁၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဟောင်ကောင်ရဲအရာရှိတွေက ဆိုပါတယ်။

အဲဒီဖမ်းဆီးမှုဟာ ကြာသပတေးနေ့က ဟောင်ကောင်အစိုးရက အခမ်းအနား ကျင်းပနေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီ လူ ၁၉ ဦးဟာ တရုတ်ရဲ့ နိုင်ငံတော်အလံကို မလေးစားရာရောက်တဲ့အပြုအမူ၊ တရုတ်ပြည်မကြီးကနေ ဟောင်ကောင် ခွဲထွက်မှုကို လှုံ့ဆော်ရေးသားထားတဲ့ လက်ကိုင်ပိုစတာတွေကို ကိုင်ဆောင်ထားမှု စတဲ့ သံသယတွေနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ရဲအရာရှိတွေက ဆိုပါတယ်။
စီတန်းလှည့်လည် ဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့နှစ်ကလိုပဲ အခုနှစ်မှာလည်း တားမြစ်ထားပါတယ်။ အဲဒီလို မတားမြစ်ခင်မှာတော့ ၂၀၀၃ခုနှစ်ကတည်းက နှစ်စဉ် လူသောင်းနဲ့ချီပြီး အဲဒီ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။
ဟောင်ကောင်မှာ ရဲအရာရှိ ၁၀,၀၀၀ လောက်ကို နေရာချထားပြီး မြို့လယ်ခေါင်က ပန်းခြံတစ်ခုကို ပြည်သူတွေ မဝင်နိုင်အောင် ပိတ်ထားခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဆိုပါတယ်။ ရဲအရာရှိတွေဟာ လမ်းပေါ်မှာ အော်ဟစ်ကြွေးကြော်နေသူတွေကို တားပြီး သူတို့မှာ ပါလာတဲ့ပစ္စည်းတွေကို စစ်ဆေးခဲ့ပါတယ်။ ရဲအရာရှိတွေနဲ့ တချို့သူတွေ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
ကြာသပတေးနေ့ညက ဟောင်ကောင်ကျွန်းရဲ့ အချက်အချာကျတဲ့နေရာမှာ အမျိုးသားတစ်ဦးက ရဲအရာရှိတစ်ဦးကို ဓားနဲ့ထိုးခဲ့ပါတယ်။ အဲဒီ ရဲအရာရှိဟာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဲဒီ အမျိုးသားဟာ အဲဒီနေရာမှာပဲ သူ့ကိုယ်သူ ရင်ဘတ်ကို ဓားနဲ့ထိုးပြီး နောက်ပိုင်းမှာတော့ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ရဲအရာရှိတွေက ဆိုပါတယ်။