ဥရောပဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေကြောင်း WHO ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဥရောပရုံး အကြီးအကဲက သူတို့ စောင့်ကြည့်ခဲ့တဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်တွေ ပိုများလာခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

WHO ရဲ့ ဥရောပဆိုင်ရာ ဒေသန္တရ ညွှန်ကြားရေးမှူး Hans Kluge က ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဥရောပနဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေနဲ့ ရုရှား အပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံက ကူးစက်မှုအနေအထားကို သူက ကြေညာခဲ့ပါတယ်။
WHO က စုဆောင်းထားတဲ့အချက်အလက်တွေမှာ ဇွန်လ အလယ်ပိုင်းအထိ သီတင်း ၁၀ ပတ် ဆက်တိုက် အဲဒီနိုင်ငံတွေမှာ ယေဘုယျအားဖြင့် ကူးစက်မှုအသစ်တွေ လျော့ကျလာခဲ့တယ်လို့ ပြသခဲ့ပါတယ်။ ဒါပေမဲ့ ဇွန်လ ၂၁ ရက်သီတင်းပတ်မှာ ကူးစက်မှုအသစ်တွေက အဲဒီမတိုင်ခင်သီတင်းပတ်ကထက် ၁၀ ရာခိုင်နှုန်းလောက် တိုးလာခဲ့ပါတယ်။
မစ္စတာ Kluge က "ကူးစက်မှုတွေက အခုအထိ များနေသေးတယ်" လို့ ပြောပါတယ်။ ကူးစက်မှုတွေ များလာတာဟာ Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကြောင့်သာမက "လူတွေရောနှောနေတာ၊ ခရီးသွားလာတာ၊ လူစုဝေးတာတွေနဲ့ လူမှုရေးဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ချတာတွေ" ကြောင့် ဖြစ်လို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။