နိုင်ငံခြားအိုလံပစ်အားကစားအသင်းတွေ ဂျပန်သို့ ရောက်ရှိ

ဇူလိုင်လ ၂၃ ရက်နေ့မှာ စတင်မယ့် တိုကျိုအားကစားပွဲတွေ မတိုင်ခင် ဂျပန်နိုင်ငံကို နိုင်ငံခြားက အိုလံပစ်အားကစား အသင်းတွေ အများအပြား ရောက်လာနေပါပြီ။

ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့အထိအတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၁၈ ခုက အိုလံပစ်အသင်းတွေရဲ့ အဖွဲ့ဝင် ၄၀၀ လောက် ဂျပန်နိုင်ငံကို ရောက်လာမယ်လို့ ခန့်မှန်းထားကြောင်း ဂျပန်အစိုးရက ပြောပါတယ်။
အားကစားအသင်းတွေဟာ တိုကျိုအနီး နာရီတာ လေဆိပ်နဲ့ တိုကျိုမှာရှိတဲ့ ဟာနဲဒ လေဆိပ် ဒါမှမဟုတ် နာဂိုယာ အနီးက ချူးဘု လေဆိပ်တွေကို ရောက်လာပြီးနောက် နိုင်ငံတစ်ဝန်းက အိုလံပစ် အကြိုလေ့ကျင့်ရေးစခန်းတွေဆီ သွားကြမှာ ဖြစ်ပါတယ်။
ကြာသပတေးနေ့က နာရီတာကို အမေရိကန် လက်ဝှေ့အသင်းက အဖွဲ့ဝင် ၂၀ ရောက်လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ဖို့ ကြိုးပမ်းချက်တစ်ခုအဖြစ် သူတို့တွေဟာ လေဆိပ်ကို အသုံးပြုတဲ့ တခြားသူတွေနဲ့ ထိတွေ့မှု မရှိစေဘဲ ဝင်ရောက်ခွင့် လုပ်ငန်းစဉ်အတွက် သီးသန့်လမ်းကြောင်းတွေကို အသုံးပြုခဲ့ကြပါတယ်။
ဗြိတိန် လှေလှော်ရွက်လွှင့်အသင်းက ဟာနဲဒ လေဆိပ်ကို ရောက်လာခဲ့ပြီး ခါနာဂါဝါ ခရိုင်က အိမ်ရှင်အဖြစ်လက်ခံထားတဲ့ Hayama မြို့မှာ နေထိုင်မယ်လို့ ခန့်မှန်းရပါတယ်။
နိုင်ငံခြားအားကစားအသင်းတွေ အမြောက်အများ ရောက်လာနေတဲ့ကြားမှာ နိုင်ငံတွင်း ဝင် ထွက်ခွင့် ထိန်းချုပ်မှုတွေအပါအဝင် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်တဲ့ ဆောင်ရွက်ချက်အမျိုးမျိုးကို လိုက်နာကြဖို့ ဂျပန်အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။