တိုကျိုမှာ ရောဂါကူးစက်မှုအသစ် ၁,၀၀၀ ကျော်လာမှာကို ကျွမ်းကျင်သူတွေ စိုးရိမ်နေ

တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ နောက်ထပ် ပိုများလာတဲ့အတွက် တာဝန်ရှိသူတွေ ကြိုးစား ရုန်းကန် နေရပါတယ်။ အခုကနေစပြီး နောက်သီတင်း ၄ ပတ်အကြာမှာ တစ်နေ့တာ ကူးစက်သူ အသစ် ၁,၀၀၀ ကျော်လာနိုင်တယ်လို့ ဆိုပြီး ကျွမ်းကျင်သူတွေက စိုးရိမ်နေပါတယ်။

တိုကျို ကျန်းမာရေးအရာရှိတွေက ကြာသပတေးနေ့မှာ ကူးစက်သူအသစ် ၆၇၃ ဦးရှိကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ကထက် ၁၀၃ ဦး တိုးလာတာဖြစ်ပါတယ်။
သီတင်းပတ်အလိုက်ကြည့်ရင် ၁၂ ရက်ဆက်တိုက် များလာတာ ဖြစ်ပါတယ်။
ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ညွှန်ကြားရေးမှူး Ohmagari Norio က "အပြင်ထွက်သွားလာတာတွေ ပိုများလာပြီး မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကို ထည့်သွင်းစဉ်းစားရင် အခုနှစ် အစောပိုင်းမှာ ကူးစက်မှု တတိယလှိုင်းဖြစ်ပွားခဲ့တဲ့ ကာလကထက် ပိုပြီး မြန်မြန်ဆန်ဆန် ကူးစက်မှုတွေ တိုးလာနိုင်ခြေရှိတယ်" လို့ ပြောပါတယ်။
တိုကျိုမြို့အုပ်ချုပ်ရေးမှူး Koike Yuriko ဟာ သူ့အိမ်ကနေ အွန်လိုင်းအစည်းအဝေး တက်ရောက်ခဲ့ပါတယ်။ သူဟာ ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် ဆေးကုသမှုခံယူပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ဆေးရုံက ဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။
" ညဘက် အပြင်ထွက်သွားလာတာတွေ လျှော့ချတာ၊ ကူးစက်မှုအန္တရာယ်တွေကို လျှော့ချဖို့ဖို့အတွက် ဆောင်ရွက်ချက်တွေကို တင်းတင်းကျပ်ကျပ်လိုက်နာပြီး နေအိမ်ကနေ အလုပ်လုပ်တာတွေ လုပ်ဆောင်ပြီး တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက် ကြဖို့ တောင်းဆိုပါတယ်" လို့ မီးစ် Koike က ပြောပါတယ်။