ကျောရိုးမကြီးထိခိုက်မှုအတွက် iPS ဆဲလ်နဲ့ ပထမဆုံး လက်တွေ့ စမ်းသပ်ကုသမှု စတင်

ဂျပန်သုတေသီတွေဟာ ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းအမျိုးမျိုးအဖြစ် ပြောင်းလဲနိုင်တဲ့ iPS ဆဲလ်တွေကို အသုံးပြုပြီး ကျောရိုး အတွင်းမှာ ရှိတဲ့ အာရုံကြောမကြီး ထိခိုက်မှုတွေကို ကုသဖို့ ရည်ရွယ်တဲ့ လက်တွေ့စမ်းသပ်ကုသမှု တစ်ခုအတွက် လူနာတွေ စတင် လက်ခံခဲ့ပါတယ်။

Keio တက္ကသိုလ်က ပါမောက္ခ ၂ ဦးဖြစ်တဲ့ ဒေါက်တာ Okano Hideyuki နဲ့ ဒေါက်တာ Nakamura Masaya တို့က ဒီသုတေသနအဖွဲ့ကို ဦးဆောင်နေပါတယ်။
မတော်တဆမှု စတာတွေကြောင့် ထိခိုက်ဒဏ်ရာရပြီး ခန္ဓာကိုယ်လှုပ်ရှားနိုင်စွမ်းနဲ့ အာရုံခံနိုင်စွမ်းတွေ ချို့ယွင်းခဲ့တဲ့ အသက် ၁၈နှစ်နဲ့အထက် လူနာ၄ဦးကို iPS ဆဲလ် ၂သန်းလောက်နဲ့ အစားထိုး ကုသမှုပေးဖို့ သူတို့တွေ စီစဉ်နေပါတယ်။ မတော်တဆမှုဖြစ်ပြီး သီတင်း ၂ ပတ်ကနေ ၄ ပတ်အတွင်း ခွဲစိတ်ကုသမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီကုသမှုရဲ့ ဘေးကင်းစိတ်ချရမှုနဲ့ ထိရောက်မှုကို စစ်ဆေးဖို့ အဲဒီလူနာတွေကို တစ်နှစ်ကျော် အနီးကပ် စောင့်ကြည့်ကုသသွားမှာဖြစ်တယ်လို့ သုတေသီအဖွဲ့က ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ နှစ်စဉ် အာရုံကြောမကြီး ထိခိုက်ဒဏ်ရာရတဲ့ လူနာ ၅,၀၀၀ လောက်ရှိတယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။ ဒီလက်တွေ့စမ်းသပ်မှုဟာ အဲဒီလို ထိခိုက်ဒဏ်ရာရတာတွေကို iPS ဆဲလ်သုံးပြီး ကုသတဲ့ ကမ္ဘာ့ ပထမဆုံးကုသမှု ဖြစ်လာမယ်လို့လည်း သူတို့က ဆိုပါတယ်။