ကွန်မြူနစ်ပါတီရဲ့ တရားဝင်မှုကို တရုတ်သမ္မတ အလေးပေး ပြောကြား

တရုတ် ကွန်မြူနစ်ပါတီ နှစ်တစ်ရာပြည့်တာကို ဂုဏ်ပြုပြီး ပါတီရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံဟာ ကမ္ဘာမှာ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးဖြစ်လာခဲ့တယ်လို့ တရုတ် သမ္မတ Xi Jinping က အလေးပေး ပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့က ပေကျင်းမြို့က Tiananmen ရင်ပြင်မှာ ကျင်းပခဲ့တဲ့ ပါတီ ရာပြည့် အထိမ်းအမှတ်အခမ်းအနားမှာ လူ ၇ သောင်းကျော်ရဲ့ ရှေ့မှာ မစ္စတာ Xi က မိန့်ခွန်းပြောခဲ့ပါတယ်။
ပါတီဟာ သူ့ရဲ့ နှစ်တစ်ရာ ရည်မှန်းချက်ဖြစ်ခဲ့တဲ့ ဆင်းရဲမွဲတေမှု ပြဿနာကို ဖြေရှင်းရေးကို စွမ်းဆောင်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် တရုတ်ဟာ ချိနဲ့တဲ့ ကုန်ထုတ်စွမ်းအား နိုင်ငံတစ်ခုကနေ ကမ္ဘာမှာ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံအဖြစ် ပြောင်းလဲလာပြီး သမိုင်းတွင်မယ့် တိုးတက်မှုကို ရရှိနိုင်ခဲ့တယ်လို့လည်း မစ္စတာ Xi က ပြောပါတယ်။
ကွန်မြူနစ်ပါတီ မရှိဘဲ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေါ်ပေါက်လာမှာမဟုတ်ဘဲ"တရုတ်ပြည်သူတွေရဲ့ မဟာ အားသစ်လောင်းမှုကြီး" ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ သမိုင်းနဲ့ ပြည်သူတွေက ကွန်မြူနစ်ပါတီကို ရွေးချယ်ခဲ့ကြတယ်လို့ သူက ဆိုပြီး ပါတီရဲ့ တရားဝင်မှုကို အလေးပေးပြောကြားခဲ့ပါတယ်။
ရှုပ်ထွေးတဲ့ နိုင်ငံတကာ အနေအထားတစ်ခုကြောင့် ပေါ်ပေါက်လာတဲ့ ဝိရောဓိ အသစ်တွေကို နိုင်ငံအနေနဲ့ အထူးတလည် သတိထားရမှာ ဖြစ်တယ်လို့ မစ္စတာ Xi က မှတ်ချက်ပြုခဲ့ပြီး တရုတ်ဟာ နိုင်ငံတကာရဲ့ အပြစ်တင်မှုတွေကို တုံ့ပြန်သွားမယ် သဘောထားကို ဖော်ပြနေပါတယ်။
တစ်ပါတီ အုပ်ချုပ်မှုစနစ်အောက်မှာ တရုတ်နိုင်ငံဟာ ဆိုရှယ်လစ်ဝါဒကို ထိန်းထားရင်း ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ တရုတ်ဟာ အမေရိကန်ပြည်ထောင်စုပြီးရင် ဒုတိယ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ စီးပွားရေးတိုးတက်မှု ထိုင်းမှိုင်းလာနေတာ၊ အသက်ကြီးသူအရေအတွက် အလျင်အမြန် တိုးလာတာနဲ့ အမေရိကန်ပြည်ထောင်စုနဲ့အကြား တင်းမာမှုတွေမြင့်မားနေတာ စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။
မစ္စတာ Xi ရဲ့ မိန့်ခွန်းဟာ အဲဒီလို စိန်ခေါ်မှုတွေကို ဖြေရှင်းရေးမှာ ပါတီရဲ့ ဦးဆောင်မှု အရေးပါပုံကို အလေးပေးပြောကြားရင်း အချိန်ရှည် အုပ်ချုပ်ဖို့ ဦးတည်ပြီး သူ့ရဲ့ အာဏာကို ချဲ့ထွင်ဖို့ ရည်ရွယ်ခဲ့တာလို့ ယူဆရပါတယ်။