မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရသူ ၂,၃၀၀ကို ပြန်လွှတ်ပေးခဲ့

ဖေဖော်ဝါရီလက စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူတွေ အပါအဝင် လူပေါင်း ၂,၃၀၀ လောက်ကို လွှတ်ပေးလိုက်တယ်လို့ မြန်မာစစ်တပ်က ကြေညာခဲ့ပါတယ်။

ဘာကြောင့် အခုလို လွတ်ပေးတာလဲဆိုတာကိုတော့ စစ်တပ်က ရှင်းလင်းပြောကြားခြင်းမရှိပါဘူး။
ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့မှာ လွတ်လာသူတွေကို မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေက ဖက်လဲတကင်း ကြိုဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ အရပ်သားတွေကို သေစေနိုင်တဲ့ လက်နက်တွေ အသုံးပြုတာ အပါအဝင် ဖြိုခွင်းမှုတွေ ဆက်လုပ်နေပါတယ်။
နိုင်ငံတစ်ဝန်းလုံးမှာ အင်္ဂါနေ့အထိ လူ ၅,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ကူညီရေးအသင်း (AAPP) က ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့မှာ AAPP က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ "စစ်အစိုးရဟာ လူတွေကို လွှတ်ပေးနေရင်း တစ်ဖက်မှာ ဖမ်းဆီးမှုတွေကို ဆက်လုပ်နေတယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်တပ်က ဖိနှိပ်မှုတွေ လျှော့ချလာနေတယ်လို့ မမှတ်ယူဖို့ လိုအပ်တယ်" လို့ ဆိုထားပါတယ်။