ဗြိတိန်မှာ စက်တင်ဘာလကစပြီး ဗိုင်းရပ်စ်ကာကွယ်ရေး အားဖြည့်ဆေးထိုးမှု စတင်မယ်

ဆောင်းရာသီ မတိုင်ခင်မှာ ခုခံနိုင်စွမ်း အနည်းဆုံးလူတွေကို အားဖြည့်ကာကွယ်ပေးဖို့ စက်တင်ဘာလကစပြီး တတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပေးတာကို ဗြိတိန် အစိုးရက လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အခုလို အားဖြည့် ဆေးထိုးတာဟာ အရင်နှစ်ကြိမ် ဆေးထိုးမှုက ရထားတဲ့ ကာကွယ်မှုကို အချိန်ကြာအောင် ထိန်းပေးပြီး မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေကို ကာကွယ်ရေး နောက်ထပ် အစွမ်းသစ်တွေကိုလည်း ပေးလိမ့်မယ်လို့ အစိုးရက ဆိုပါတယ်။
တတိယအကြိမ် ဆေးထိုးမှုကို ဦးဆုံး ခံယူရမယ့်သူတွေထဲမှာ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေမှာ နေထိုင်သူတွေအပါအဝင် အသက် ၇၀ နဲ့ အထက် လူအားလုံးနဲ့ ရှေ့တန်းက လုပ်ဆောင်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
သူတို့နောက်မှာ အသက် ၅၀ နဲ့ အထက် လူအားလုံးနဲ့ အသက် ၁၆ နှစ်ကနေ ၄၉ နှစ်အတွင်းရှိသူတွေထဲက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် ရောဂါပြင်းထန်နိုင်တဲ့ အန္တရာယ်ရှိသူတွေကို အားဖြည့် ဆေးထိုးပေးမှာ ဖြစ်ပါတယ်။
ဒီ အားဖြည့် ဆေးထိုးမှုအတွက် ဘယ်ကုမ္ပဏီထုတ် ကာကွယ်ဆေးကို အသုံးပြုမလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး။
ဒီ အားဖြည့််ဆေးထိုးမှု ခံယူသူတွေဟာ တုပ်ကွေး ကာကွယ်ဆေး ထိုးမှုကိုလည်း ခံယူနိုင်တယ်လို့ ဗြိတိန် အစိုးရက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ရင် ဆောင်းရာသီမှာ တုပ်ကွေးရောဂါ ခေါင်းထောင်လာနိုင်ပြီး နောက်ထပ် ပြဿနာတစ်ရပ် ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။