ဇူလိုင်လ ၈ ရက်နေ့မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ဂျပန်ကို ရောက်ရှိမယ်

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ Thomas Bach ဟာ တိုကျို အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲမတိုင်ခင် သီတင်း ၂ ပတ်ကျော်ကျော် အလို ဇူလိုင်လ ၈ ရက်နေ့မှာ ဂျပန်ကို ရောက်ရှိဖို့ စီစဉ်ထားပါတယ်။

မစ္စတာ Bach ဟာ ဒီအားကစားပွဲတွေ ဘေးကင်းလုံခြုံစွာ ကျင်းပရေး လုပ်ဆောင်ဖို့ ကိုရိုနာဗိုင်းရပ်စ် "ကာကွယ်ဆေး အပြည့်အဝထိုးပြီးတဲ့နောက် တိုကျိုကိုသွားမယ်" လို့ ဗုဒ္ဓဟူးနေ့မှာ IOC က ပြောခဲ့ပါတယ်။
ဂျပန်ကို မရောက်ခင်အထိ သူဟာ လုပ်ငန်းတာဝန်တွေကို အဝေးကနေပဲ ထမ်းဆောင်မှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ၃ ရက်ကြာ မိမိဘာသာ သီးခြားခွဲနေပြီးနောက်မှာ ဇူလိုင်လ ၁၂ ရက်နေ့က စတင်ပြီး အစည်းအဝေးတွေ တက်ရောက်မှာ ဖြစ်ပါတယ်။
အိုလံပစ် အပစ်အခတ်ရပ်စဲရေးကာလ စတင်တဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ မစ္စတာ Bach ဟီရိုရှီးမားကို သွားရောက်ဖို့ စီစဉ်နေပါတယ်။ အိုလံပစ် အပစ်အခတ်ရပ်စဲရေးကာလဆိုတာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုခဲ့တဲ့ ကနဦး လှုပ်ရှားမှု ဖြစ်ပြီး ဒီကာလအတွင်း ကမ္ဘာတစ်ဝန်းလုံးမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
အဲဒီနေ့မှာ နာဂါစာကီ ကို IOC ညှိနှိုင်းရေး ကော်မရှင် ဥက္ကဋ္ဌ John Coates သွားရောက်ဖို့လည်း စီစဉ်နေပါတယ်။
ဇူလိုင်လ ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ IOC အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးကို တိုကျိုမှာ ကျင်းပပြီး အဲဒီနောက် ၂၀ ရက်နေ့မှာတော့ ၁၃၈ ကြိမ်မြောက် IOC အစည်းအဝေးကို ကျင်းပမှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့မှာ အိုလံပစ် အားကစားပွဲ စတင်မှာ ဖြစ်ပါတယ်။