ဂျပန်ရဲ့ Shiseido က စီးပွားရေးဗျူဟာသစ်ကို ထုတ်ပြန်ကြေညာ

တစ်ကိုယ်ရည် အလှကုန်နဲ့ နေ့စဉ်သုံးပစ္စည်း ဌာနကို တာဝန်ယူဖို့ ကုမ္ပဏီသစ် တစ်ခုကို ထူထောင်လိုက်တဲ့ ဂျပန်က အလှကုန်ပစ္စည်း ကုမ္ပဏီကြီး Shiseido က သူ့ရဲ့ စီးပွားရေး ဗျူဟာကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသစ်ထူထောင်လိုက်တဲ့ စွန့်ဦးတီထွင် ကုမ္ပဏီ Fine Today Shiseido ဟာ အာရှကို ပစ်မှတ်ထားမှာဖြစ်ပြီး အွန်လိုင်း ရောင်းချမှုကို ဦးတည်ပြီး စတော့ရှယ်ယာ ဈေးကွက်ဝင် ကုမ္ပဏီ ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။
ကုမ္ပဏီသစ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ် အမှုဆောင်အရာရှိချုပ် (CEO) လည်းဖြစ်တဲ့ Komori Tetsuo က တိုကျိုမှာ ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါတယ်။
Shiseido ဟာ တစ်ကိုယ်ရည် အလှကုန်နဲ့ နေ့စဉ်သုံးပစ္စည်း လုပ်ငန်းကို ဗြိတိန် အခြေစိုက် ငွေကြေးရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီ CVC Capital Partners ကို ရောင်းချဖို့ လုပ်ဆောင်နေခဲ့ပါတယ်။ အဲဒီ အရောင်းအဝယ်ပမာဏဟာ အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံ လောက်တန်ဖိုးရှိပြီး ကြာသပတေးနေ့မှာ ရောင်းချရေးလုပ်ငန်းတွေ အပြီးသတ်မယ်လို့ မျှော်လင့်ရပါတယ်။
သူတို့ရဲ့ လုပ်ငန်းဟာ ခေါင်းလျှော်ရည်နဲ့ ဈေးသက်သာတဲ့ အသားအရေ ထိန်းသိမ်းရေး အလှကုန်ပစ္စည်းတွေ အပါအဝင် ကုန်ပစ္စည်း အမျိုးမျိုး ပါဝင်ပါတယ်။
ကုမ္ပဏီသစ်ဟာ အဲဒီ ဌာနက လက်ရှိဝန်ထမ်းတွေကို ဆက်လက်ခန့်ထားမှာ ဖြစ်ပြီး Shiseido ရဲ့ အဓိက အမှတ်တံဆိပ် ကုန်ပစ္စည်းတွေကို ဆက်လက် ထိန်းသိမ်းသွားမှာလည်း ဖြစ်ပါတယ်။
အဲဒီ တစ်ကိုယ်ရည် အလှကုန် ဌာနဟာ Shiseido ရဲ့ ရောင်းအား စုစုပေါင်းထဲက ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ Shiseido အနေနဲ့ ဈေးကြီးတဲ့ အမှတ်တံဆိပ်တွေကို အာရုံစိုက်သွားမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းသစ်တွေ ဖော်ဆောင်ဖို့လည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။