အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အာရပ်စော်ဘွားများပြည်ထောင်စုကို ပထမဦးဆုံးအဖြစ် သွားရောက်

အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Yair Lapid ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ရဲ့ မြို့တော်ကို ရောက်ရှိနေပါတယ်။

မစ္စတာ Lapid ဟာ အဲဒီ ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ UAE ကို တရားဝင် သွားရောက်တဲ့ ပထမဦးဆုံး နိုင်ငံခြားရေး ဝန်ကြီးဖြစ်တယ်လို့ အစ္စရေး အစိုးရက ဆိုပါတယ်။
မစ္စတာ Lapid ဟာ အင်္ဂါနေ့မှာ Abu Dhabi မြို့ကို ရောက်ရှိခဲ့ပြီး UAE နိုင်ငံခြားရေးဝန်ကြီး Sheikh Abdullah bin Zayed Al Nahyan နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ စီးပွားရေး ကူးလူးဆက်ဆံရေး တိုးမြှင့်ဖို့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အမေရိကန် သမ္မတဟောင်း Donald Trump အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးနောက်မှာ အခုလို ခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အစ္စရေးနဲ့ UAE တို့ဟာ ပါလက်စတိုင်းအရေးနဲ့ပတ်သက်ပြီး အရင်က သဘောထား ကွဲလွဲနေခဲ့ကြပါတယ်။
သံတမန်ဆက်ဆံရေး ထူထောင်ပြီးတဲ့နောက်မှာ ပုဂ္ဂလိကနယ်ပယ်မှာ နှစ်နိုင်ငံ စီးပွားရေး ကူးလူးဆက်ဆံမှုတွေ ကျယ်ပြန့်လာခဲ့ပါတယ်။ အဲဒီနယ်ပယ်တွေထဲမှာ အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒစ်ဂျစ်တယ် ဆေးကုသရေးမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပါဝင်ပါတယ်။
အခုလအစောပိုင်းမှာ အသစ်ဖွဲ့စည်းခဲ့တဲ့ အစ္စရေး အစိုးရဟာ တခြား အာရပ်နိုင်ငံတွေနဲ့လည်း ဆက်ဆံရေး တိုးတက်လာဖို့ မျှော်လင့်နေပါတယ်။