G20 ဝန်ကြီးတွေ Matera ကြေညာချက် ထုတ်ပြန်

G20 အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေး နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ကြီးတွေဟာ ရေရှည်တည်တံ့တဲ့ စားနပ်ရိက္ခာစနစ်တွေအတွက် အသုံးစားရိတ်တိုးမြှင့်ဖို့ တောင်းဆိုတဲ့ Matera ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဝန်ကြီးတွေဟာ အင်္ဂါနေ့က အီတလီနိုင်ငံတောင်ပိုင်းက Matera မြို့မှာတွေ့ဆုံခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ဂယက်ရိုက်မှုတွေ ရှိနေတဲ့အကြား စားနပ်ရိက္ခာဖူလုံစေရေး ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးတွေဟာ ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်လာနိုင်တဲ့ အခြေအနေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ သူတို့တွေဟာ စားနပ်ရိက္ခာဖူလုံစေရေး နဲ့ ရေရှည်တည်တံ့တဲ့ စားနပ်ရိက္ခာစနစ်တွေအတွက် အသုံးစရိတ်တိုးမြှင့်ဖို့ သဘောတူ ခဲ့ကြပါတယ်။
နိုင်ငံတကာ စားနပ်ရိက္ခာကုန်သွယ်မှုမှာ ပွင့်လင်းမြင်သာမှုကို ဆက်လက် ထိန်းသိမ်းဖို့ အလွန်အရေးကြီးကြောင်းလည်း သူတို့ သဘောတူခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးပြီးတဲ့နောက် ဆွေးနွေးပွဲတွေကို ကမကထပြုကျင်းပတဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီး Luigi Di Maio က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားရာမှာ အာဖရိကမှာ ကပ်ရောဂါကြောင့် ငတ်မွတ် ခေါင်းပါးမှုအခြေအနေ ပိုမိုဆိုးရွားနေတဲ့အပြင် ပဋိပက္ခနဲ့ ဒုက္ခသည်တွေဟာ တင်းမာမှုတွေကို ထပ်တိုးလာစေတယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ဖို့အတွက် အတူတကွ လုပ်ဆောင်ဖို့ဆိုတဲ့ ကြေညာချက်ရဲ့ အရေးပါပုံကို သူက အလေးအနက်ထား ပြောကြားခဲ့ပါတယ်။