မြန်မာမှာ ပြည်သူ ၅,၂၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခု ပြော

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ အာဏာသိမ်းမှုအပေါ် ပြည်သူတွေဆန္ဒပြနေတာကို စစ်တပ်က ဆက်လက် နှိပ်ကွပ်နေပြီး အခုလက်ရှိမှာ ပြည်သူ ၅,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုက ဆိုပါတယ်။

အင်္ဂါနေ့အထိ ပြည်သူ ၆,၄၂၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ၅,၂၂၄ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ကူညီရေးအသင်း (AAPP) က ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ မြန်မာစစ်တပ်က ပြောပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ ဖမ်းဆီးခံထားရသူတွေဆီကနေ အချက်အလက်တွေ ရရှိဖို့အတွက် အကွက်ချစီစဉ်ပြီး သူတို့အပေါ် ညှင်းပန်းနှိပ်စက်တာတွေ အကျယ်တဝင့် လုပ်ဆောင်နေတယ်လို့ သိရကြောင်း AAPP က ပြောပါတယ်။
စနေနေ့အထိ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသူ အနည်းဆုံး၂၄ ဦး ရှိသွားပြီဖြစ်တယ်လို့ AAPP က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က အထွေထွေရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့တယ်လို့ ဆိုပြီး ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းမှာ ပြည်သူတွေ ဆက်လက် ဆန္ဒပြနေဆဲဖြစ်ပေမယ့် ဆန္ဒပြမှုတွေကတော့ လျော့နည်းလာနေပါတယ်။ လက်နက်ကိုင်တိုက်ခိုက်ဖို့အတွက် အုပ်စုတချို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။