Facebook အပေါ် စျေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ ပတ်သက်တဲ့ တရားစွဲဆိုချက်ကို တရားသူကြီး ပယ်ချ

နည်းပညာ ကုမ္ပဏီကြီး Facebook ဟာ လူမှုကွန်ရက် စီးပွားရေး စျေးကွက်မှာ လက်ဝါးကြီး အုပ်တယ်ဆိုပြီး သက်သေ အထောက်အထား မခိုင်လုံတဲ့တရားစွဲဆိုချက်ကို အမေရိကန် ဖက်ဒရယ်တရားရုံးတစ်ရုံးက ကိုးကားဖော်ပြပြီး အမှုကို ပယ်ချခဲ့ပါတယ်။

Facebook ဟာ မျှတတဲ့ စျေးကွက်ယှဉ်ပြိုင်မှုကို တားဆီးဖို့ သူ့ရဲ့ ပြိုင်ဘက်ဖြစ်လာနိုင်ဖွယ်ရှိတဲ့ Instagram နဲ့ WhatsApp တို့လို ကုမ္ပဏီတွေကို ဝယ်တယ်လို့ စွပ်စွဲပြီး အမေရိကန် ဖက်ဒရယ် ကုန်သွယ်ရေး ကော်မရှင်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက Facebook ကို တရားစွဲဆိုခဲ့ပါတယ်။
ဒီတရားစွဲဆိုချက်တွေဟာ ဥပဒေကြောင်းအရ လုံလောက်မှုမရှိကြောင်းနဲ့ Facebook က စျေးကွက်လက်ဝါးကြီးအုပ်ထားတယ်ဆိုတာကို ပြသနိုင်တဲ့ သက်သေအထောက်အထား မလုံလောက်တာကြောင့် ခရိုင်တရားသူကြီးက တနင်္လာနေ့က ဒီတရားစွဲဆိုချက်တွေကို ပယ်ချခဲ့ပါတယ်။
Facebook က စျေးကွက်လက်ဝါးကြီးအုပ်ထားတယ်ဆိုတာကို တရားရုံးက သမားရိုးကျ ရှုမြင်သုံးသပ်ပြီး လွယ်လွယ်ကူကူ ခေါင်းညိတ်လက်ခံ လိမ့်မယ်လို့ အဲဒီတရားလိုအေဂျင်စီ က အပြည့်အဝနီးပါး မျှော်လင့်ထားပုံရတယ်လို့ ခရိုင်တရားသူကြီးက ဖြည့်စွက် ပြောကြား ခဲ့ပါတယ်။
အဲဒီစီရင်ချက်ထွက်လာပြီးတဲ့နောက် New York စတော့အိတ်ချိန်း စျေးကွက်မှာ Facebookရဲ့ ရှယ်ယာစျေးတွေ တက်ခဲ့ပြီး ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးဟာ ၁ထရီလီယံဒေါ်လာကျော်အထိ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။
အမေရိကန် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ ထိန်းညှိသူတွေနဲ့ အမတ်တွေဟာ နည်းပညာ ကုမ္ပဏီကြီးတွေအပေါ် ပိုမိုတင်းကျပ်တဲ့ ထိန်းချုပ်မှုတွေလုပ်ဖို့ ဆွေးနွေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် ဒီစီရင်ချက်ပေါ်မူတည်ပြီး ဘယ်လိုစည်းမျဉ်းတွေ ဖြစ်လာမလဲ ဆိုတဲ့အပေါ် အများက အာရုံစိုက်နေကြပါတယ်။