တရုတ်-ရှရှားဆက်ဆံရေး ပိုမိုခိုင်မာမှုအတွက် နှစ်နိုင်ငံခေါင်းဆောင်တို့ ကြိုဆို

တရုတ်နဲ့ ရှရှား သမ္မတတို့ဟာ “ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အယောင်ပြပြီး” တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေး ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာကို ကန့်ကွက်ဖို့ သဘောတူခဲ့ကြပါတယ်။

တနင်္လာနေ့က ပြုလုပ်တဲ့ အွန်လိုင်းထိပ်သီးစည်းဝေးပွဲမှာ တရုတ်သမ္မတ Xi Jinping နဲ့ ရှရှားသမ္မတ Vladimir Putin တို့ဟာ သူတို့အနေနဲ့ တစ်ဖက်သတ် ဒဏ်ခတ်အရေးယူမှုတွေကို ဆန့်ကျင်ကြောင်း သဘောထားကို ဖော်ပြခဲ့ကြတယ်လို့ တရုတ်ဘက်က ပြောပါတယ်။
G7 ခေါင်းဆောင်တွေက ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဲ့ အရေးပါပုံကို အလေးထားဖော်ပြထားတဲ့ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပြီးနောက်မှာ သူတို့နှစ်ဦးရဲ့ သဘောတူညီချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ G7 ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် ဟောင်ကောင်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို တရုတ်က လေးစားလိုက်နာဖို့ တောင်းဆိုထားပါတယ်။
တရုတ်နဲ့ ရှရှားအစိုးရကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုက လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို သက်တမ်းတိုးဖို့အတွက် အဲဒီအွန်လိုင်းအစည်းအဝေးမှာ နှစ်နိုင်ငံခေါင်းဆောင်တွေ တရားဝင်သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
မစ္စတာ Xi နဲ့ ဆွေးနွေးစဉ်မှာ မစ္စတာ Putin က ပထဝီနိုင်ငံရေးဆိုင်ရာ မတည်ငြိမ်မှုတွေ များလာနေတဲ့အတောအတွင်း ကမ္ဘာ့ရေးရာကိစ္စတွေမှာ နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်မှုတွေဟာ တည်ငြိမ်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။