၂၀၂၉ ဘဏ္ဍာရေးနှစ်အတွင်း အင်္ဂါဂြိုဟ်ပေါ်က ကျောက်သားနဲ့မြေကြီးနမူနာ ရဖို့ ဂျပန် ရည်မှန်း

ဂျပန်နိုင်ငံရဲ့ အာကာသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာကောင်စီက ၂၀၂၉ ဘဏ္ဍာရေးနှစ်မှာ အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ရံလတွေထဲက လ တစ်စင်း ဆီကနေ ကျောက်သားနဲ့ မြေကြီး နမူနာတွေ ရယူဖို့ ရည်မှန်းချက် ချမှတ်ခဲ့ပါတယ်။

အဲဒီကောင်စီက အာကာသဆိုင်ရာ မူဝါဒကို အခြေခံထားတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ကြားဖြတ်အစီရင်ခံစာ တစ်စောင် ရေးဆွဲခဲ့ ပါတယ်။ နှစ်စဉ်နှစ်တိုင်း နှစ်ကုန်ရင် အဲဒီအစီအစဉ်ကို ပြန်လည် ရေးဆွဲပါတယ်။
နောက် ၅ နှစ်အကြာမှာ လ တွေဆီက အဲဒီနမူနာတွေကို ကမ္ဘာမြေကြီးဆီ သယ်ဆောင်လာမယ့်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဂျပန်အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ (JAXA) ဟာ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ အာကာသစူးစမ်းလေ့လာရေးယာဉ်တစ်စင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ဖို့ အဲဒီကောင်စီက ရည်ရွယ်ထားပါတယ်။
သဘာဝဘေး အန္တရာယ်တွေ ဖြစ်ချိန်မှာ အခြေအနေကို အလျင်အမြန် သိရှိစေဖို့အတွက် အာဏာပိုင်တွေက သေးငယ်တဲ့ ဂြိုဟ်တုတွေ အများကြီး သုံးပြီး ကိုယ်ပိုင်စနစ်တစ်ခု တည်ထောင်သွားဖို့ အစီအစဉ်လည်း အဲဒီအစီရင်ခံစာထဲမှာ ပါဝင်ပါတယ်။
အများပြည်သူနဲ့ ပုဂ္ဂလိက ကဏ္ဍတွေအနေနဲ့ အဲဒီရည်ရွယ်ချက် အတွက် မဟာဗျူဟာမြောက် ပါဝင်ဆောင်ရွက်ကြဖို့ အဲဒီအစီရင်ခံစာထဲမှာ တောင်းဆိုထားပါတယ်။
အာကာသဆိုတာ လူတွေရဲ့ အိပ်မက်တွေနဲ့ မျှော်လင့်ချက်တွေကို ပေးတဲ့ နယ်မြေတစ်ခုဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အနာဂတ်မှာ စီးပွားရေးနဲ့ လူမှုအသိုက်အဝန်းကို ထောက်ပံ့ပေးမယ့် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ကြောင်း ဝန်ကြီးချုပ် Suga Yoshihide က အဲဒီကောင်စီကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာ Suga က အဲဒီကောင်စီရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး သူ့အနေနဲ့ လိုအပ်တဲ့ ဘယ်လို ဆောင်ရွက်ချက်မျိုးကိုမဆို အားဖြည့်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။