မေလမှာ ဂျပန်ရဲ့ အလုပ်လက်မဲ့နှုန်း ၃ရာခိုင်နှုန်းအထိ တက်လာ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း အလုပ်လက်မဲ့နှုန်း ဟာ တဖြည်းဖြည်း မြင့်မားလာနေတယ်လို့ ဂျပန်အစိုးရက ထုတ်ပြန်တဲ့ နောက်ဆုံးဒေတာတွေမှာ ပြသနေပါတယ်။

မေလမှာ အလုပ်လက်မဲ့နှုန်းဟာ ဧပြီလကထက် ၀.၂မှတ် တိုးလာပြီး ၃ရာခိုင်နှုန်း ဖြစ်လာပါတယ်။ ဒါဟာ ၅လအတွင်း ပထမဆုံး အကြိမ်အဖြစ် ၃ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အလုပ်သမား စျေးကွက်မှာ ကပ်ရောဂါ မဖြစ်ခင်က အဆင့်ကို ပြန်ဖြစ်လာဖို့ အချိန်ယူရဦးမှာ ဖြစ်တယ်လို့ တခြား ဒေတာက အရိပ်အမြွက် ဖော်ပြနေပါတယ်။
ပြီးခဲ့တဲ့လမှာ အလုပ်အကိုင်သစ် ခေါ်ယူမှု ၆၈၆,၂၂၅ ခု ရှိခဲ့တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါဟာ ပထမအကြိမ် ကိုရိုနာဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာခဲ့စဉ်ကာလဖြစ်တဲ့ ပြီးခဲ့တဲ့နှစ် မေလကနဲ့ယှဉ်ရင် ၇.၇ ရာခိုင်နှုန်း တက်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကိန်းဂဏန်းဟာ ကပ်ရောဂါကြီးမဖြစ်ခင် လွန်ခဲ့တဲ့ ၂နှစ်ကနေ ယှဉ်ရင် ၂၆.၉ ရာခိုင်နှုန်း လျော့နည်းသွားတာ ဖြစ်ပါတယ်။
အလုပ်အကိုင်စျေးကွက်မှာ အခက်အခဲတွေ ဆက်ရှိနေဆဲ ဖြစ်ပြီး ရှေ့အလားအလာက မရေရာ မသေချာ ရှိနေတယ်လို့ အလုပ်သမား ဝန်ကြီးဌာန အရာရှိတွေက ဆိုပါတယ်။