ဟောင်ကောင်အတွက် နိုင်ငံ့လုံခြုံရေးဆိုင်ရာဥပဒေ အသက်ဝင်ခဲ့တာ ၁ နှစ်ပြည့်တော့မည်

တရုတ်က ဟောင်ကောင်အတွက်ပြဌာန်းခဲ့တဲ့ နိုင်ငံ့လုံခြုံရေးဆိုင်ရာဥပဒေအသက်ဝင်လာခဲ့တာဟာ ဗုဒ္ဓဟူးနေ့မှာ ၁ နှစ်ပြည့်မြောက်လာခဲ့ပါတော့မယ်။

တစ်ချိန်က ဒေသတွင်းမှာ လွတ်လွတ်လပ်လပ်ပြောဆိုလုပ်ကိုင် နိုင်တဲ့အရပ်မှာ တရုတ်အစိုးရဟာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ နိုင်ငံရေးအရလှုပ်ရှားမှုတွေကို တင်းကျပ်တဲ့ထိန်းချုပ်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
ခွဲထွက်ရေးဝါဒ ၊ နှောက်ယှက်ဖျက်ဆီးမှု ၊ အကြမ်းဖက်ဝါဒ နဲ့ နိုင်ငံခြားအင်အားစုတွေနဲ့ပေါင်းဖက်လုပ်ဆောင်မှုတွေလို့ တရုတ်အစိုးရကသတ်မှတ်တဲ့အရာတွေကို အဲဒီလုံခြုံရေးဆိုင်ရာဥပဒေက ပစ်မှတ်ထားတာဖြစ်ပါတယ်။
ဒီမိုကရေစီရေးလိုလားတဲ့လှုပ်ရှားသူ ၄၇ ဦးဟာ မနှစ်ကကျင်းပဖို့စီစဉ်ထားခဲ့တဲ့ ဥပဒပြုကောင်စီမဲပေးမှု မတိုင်မီ တရားမဝင်ရွေးကောက်ပွဲတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး စွဲချက်အတင်ခံထားရပါတယ်။
ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ ဒီမိုကရေစီရေးထောက်ခံအားပေးတဲ့ Apple Daily သတင်းစာကိုထူထောင်သူနဲ့ အမှုဆောင်တွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ အဲဒီသတင်းစာဟာ တရုတ်အစိုးရကို ဝေဖန်တဲ့သတင်းစာဖြစ်ပါတယ်။ သတင်းစာတိုက်ရဲ့ ပိုင်ဆိုင်မှုတွေပိတ်သိမ်းခံခဲ့ရပြီးတဲ့နောက် သတင်းစာထုတ်ဝေတာကိုလည်း ရပ်ဆိုင်းလိုက်ရပါတယ်။
အဲဒီဥပဒေကို ချိုးဖောက်ရာရောက်တာတွေကို သတင်းပေးအစီရင်ခံဖို့ ဖိတ်ခေါ်ခဲ့တဲ့ အရေးပေါ်တယ်လီဖုန်းလိုင်းကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာ စတင်ခဲ့ပြီးနောက်ပိုင်း တိုင်ကြားမှု ၁၀၀၀၀၀ ကျော် လက်ခံရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ပြည်သူတွေတစ်ဦးနဲ့တစ်ဦး အပြန်အလှန်ထိန်းချုပ်မှုတွေလုပ်လာအောင် လှုံ့ဆော်တယ်ဆိုတာနဲ့ ပြည်သူတွေအကြား ယုံကြည်မှုပျက်ပြားသွားအောင် ရဲတပ်ဖွဲ့ကလုပ်ဆောင်တယ် ဆိုပြီး စွပ်စွဲခဲ့ပါတယ်။
နိုင်ငံ့လုံခြုံရေးဆိုင်ရာဥပဒေအသက်ဝင်လာခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်ရဲ့နိုင်ငံရေးစနစ်ဟာလည်း ပြောင်းလဲသွားခဲ့ပါတော့တယ်။
တရုတ်အစိုးရက သစ္စာစောင့်သိသူတွေမဟုတ်ဘူးလို့ မှတ်ယူခံရတဲ့သူတွေဟာ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရဖို့ဝင်ရောက်ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒေသန္တရကောင်စီအဖွဲ့ဝင်တွေဟာလည်း တရုတ်အစိုးရနဲ့ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့ကို သစ္စာစောင့်သိပါမယ်ဆိုတာ ဇူလိုင်လအတွင်းမှာ ကတိပြုဖို့လိုအပ်လာဖွယ်ရာရှိပါတယ်။
ဒီမိုကရေစီရေးလိုလားသူ ကောင်စီဝင်တွေဟာ စုစုပေါင်းကောင်စီဝင်တွေရဲ့ ၈၀ ရာခိုင်နှုန်းရှိပြီး ၁၀၀ ကျော်ဟာ အရည်အချင်းမပြည့်မီဘူးဆိုပြီး သတ်မှတ်ခံရဖွယ်ရှိပါတယ်။
ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဆောင်ရွက်မှုတွေကို ထောက်ပြပြီး နှစ်စဉ်ပြုလုပ်နေကျ ကြီးမားလှတဲ့ လူစုလူဝေးကြီးနဲ့ကန့်ကွက်ဆန္ဒပြမှုတွေကို တားမြစ်ခဲ့ပါတယ်။ အဲဒီဆန္ဒပြမှုတွေဟာ ဟောင်ကောင်ပြည်သူတွေ ရရှိခံစားရတဲ့ လွတ်လပ်မှုရဲ့ပြယုဂ်လို့ ကာလရှည်ကြာစွာမှတ်ယူခံထားရပါတယ်။