တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူး နောက်ထပ်ရက်အနည်းငယ် အနားယူဦးမည်

တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူး Koike Yuriko ဟာ နောက်ထပ် ရက်အနည်းငယ်အနားယူဦးမှာဖြစ်တယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ကြေညာခဲ့ပါတယ်။

မီးစ် Koike ဟာ အလွန်ပင်ပန်းနွမ်းနွယ်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့အင်္ဂါနေ့က ဆေးရုံတက်ခဲ့ရပါတယ်။ တိုကျိုမြို့တော်အုပ်ချုပ်ရေးအရာရှိတွေက သူ့အနေနဲ့ ဆက်ပြီး အနားယူဖို့လိုအပ်တယ်လို့ တနင်္ဂနွေနေ့ညနေပိုင်းက ပြောဆိုခဲ့ပါတယ်။
မြို့တော် ဒုတိယအုပ်ချုပ်ရေးမှူး Tarao Mitsuchika က မီးစ် Koike ရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
တိုကျိုက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နွေရာသီအိုလံပစ် အားကစားပြိုင်ပွဲစဖို့ တစ်လတောင်မလိုတဲ့အချိန်မှာ မြို့တော်အုပ်ချုပ်ရေးမှူး အခုလိုမျိုးဖြစ်လာခဲ့တာပါ။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက မြို့တော်တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်မြင့်တက်လာနိုင်ခြေရှိတဲ့ လက္ခဏာတွေရှိတယ်လို့ သတိပေးထားပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ကျရင် တိုကျိုမြို့တော်ကောင်စီ ရွေးကောက်ပွဲမှာ ပြည်သူတွေမဲပေးကြမှာဖြစ်ပါတယ်။
မီးစ် Koike ဟာ ဒေသန္တရပါတီတစ်ခုဖြစ်တဲ့ Tomin First ပါတီရဲ့ အထူးအကြံပေးဖြစ်ပါတယ်။ သူဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်မှာလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။