Minamata ရောဂါဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတော်ကြာတုန်းက ဂျပန်အနောက်တောင်ပိုင်း Kumamoto ခရိုင်မှာရှိတဲ့ စက်ရုံတစ်ရုံကစွန့်ပစ်ခဲ့တဲ့ ရေဆိုးရေညစ်တွေကြောင့် လူအများ ပြဒါးအဆိပ်သင့်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်တဲ့ နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို ကျင်းပခဲ့ပါတယ်။

အဲဒီဝေဒနာခံစားခဲ့ရသူတွေကို ထောက်ပံ့ကူညီနေတဲ့ လူထုအဖွဲ့အစည်းတစ်ခုက ကြီးမှူးပြီး Minamata မြို့နဲ့ တိုကျိုက ခန်းမတစ်ခုကို ချိတ်ဆက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဂျပန်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနရဲ့ ရှေ့ပြေးဖြစ်တဲ့ "သဘာဝပတ်ဝန်းကျင်ဆိုင်ရာအေဂျင်စီ" စတင်ထူထောင်တာ ရှေ့လထဲမှာ နှစ်၅၀ မပြည့်ခင် ဒီအခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။
အခမ်းအနားမှာ မီးစ် Aileen Mioko Smith တက်ရောက် စကားပြောခဲ့ပါ တယ်။ သူဟာ၊ ၁၉၇၁ ခုနှစ်မှာ Minamata မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ပြဒါးအဆိပ်သင့်မှုနဲ့ပတ်သက်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေအကြောင်း မှတ်တမ်းတင် ရေးသားဖြန့်ချိခဲ့သူဖြစ်တဲ့ ကွယ်လွန်သူ ဓာတ်ပုံစာနယ်ဇင်းသမား Eugene Smith ရဲ့ ဇနီးဖြစ်ပါတယ်။
အဆိပ်သင့်ခဲ့ရသူတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာန အကြီးအကဲ ဖြစ်သူကို အဆိပ်သင့်မှုရဲ့ဆိုးကျိုးတွေကို တင်ပြနေပုံနဲ့ Minamata ပင်လယ်အော်မှာ ရေဆိုးရေညစ်တွေကို စွန့်ပစ်ခဲ့တဲ့ ကုမ္ပဏီဖြစ်တဲ့ Chisso Corporation က အရာရှိတွေနဲ့ စေ့စပ်ညှိနှိုင်းနေတဲ့ ဓာတ်ပုံတွေကို မီးစ် Smith က ပြသပြီး အဲဒီအတွေ့အကြုံတွေကို နောင်လာနောက်သားတွေဆီ လက်ဆင့်ကမ်းဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
Minamata မြို့က ဝေဒနာရှင်တွေနဲ့ ထောက်ပံ့ကူညီသူတွေက သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်လက်ရင်ဆိုင်ရမယ့် ပြဿနာတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဖြစ်ရပ်အတွက် ဝေဒနာရှင်တွေအဖြစ် အသိမှတ်ပြုတဲ့စံနှုန်းတွေကို ပြန်သုံးသပ်ဖို့နဲ့ ထိခိုက်နစ်နာမှုတွေကို အပြည့်အဝဖော်ထုတ်သွားနိုင်ဖို့အတွက် အဲဒီမှာ နေထိုင်တဲ့ပြည်သူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ အမြန်ဆုံးပြုလုပ်ပေးဖို့ ဗဟိုအစိုးရနဲ့ Kumamoto ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ လတုန်းကပဲ သူတို့တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရောဂါဖြစ်ပွားမှုကို တရားဝင်အသိမှတ်ပြုခဲ့တာ ပြီးခဲ့တဲ့လထဲမှာ ၆၅ နှစ် တင်းတင်းပြည့်ခဲ့ပါတယ်။
ဒီပြဿနာဖြေရှင်းရေးအတွက် ဂျပန်အစိုးရကို ဆက်လက်တောင်းဆိုသွားဖို့ တက်ရောက်သူတွေက သဘောတူခဲ့ကြပါတယ်။