နှစ် ၁၀၀ ပြည့်ပွဲအတွက် တရုတ် ကွန်မြူနစ်ပါတီ ပြင်ဆင်မှုတွေ လုပ်ဆောင်နေ

နောက်လမှာ ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲအတွက် တရုတ်ခေါင်းဆောင်တွေက ကြိုတင်ပြင်ဆင်နေကြပါတယ်။

ဂုဏ်ပြုတဲ့ အထိမ်းအမှတ်ပွဲလမ်းတွေရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ပြတိုက်သစ်တစ်ခု ဆောက်လုပ်ရေးလုပ်ငန်းတွေကို အလုပ်သမားတွေက အချောသတ်နေကြပါတယ်။
အဲဒီ အဆောက်အအုံဟာ စတုရန်းမီတာ ၁၅၀,၀၀၀ ကျယ်ဝန်းပါတယ်။ အရာရှိကြီးတွေနဲ့ မီဒီယာတွေကို အဆောက်အအုံရဲ့ အတွင်းပိုင်းကို ပြသခဲ့ပြီးဖြစ်ပါတယ်။
ဒီပြတိုက်မှာ ပြသမှုပေါင်း ၆,၀၀၀ ကျော်ရှိပါတယ်။ အဲဒီထဲမှာ ဥက္ကဋ္ဌ မော်စီတုံး က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ကြောင်း ကြေညာနေတဲ့ မှတ်တမ်းရုပ်ရှင်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် သမ္မတ Xi Jinping ရဲ့ အောင်မြင်မှုတွေကို ရည်ညွှန်းထားတဲ့ နေရာလည်း ရှိပါတယ်။
တခြား ပြကွက်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပေါ် နိုင်ငံအနေနဲ့ တုံ့ပြန်ချက်တွေနဲ့ တရုတ်ရဲ့ အာကာသ အစီအစဉ်တွေကို ပြသထားပါတယ်။
ဒီပြတိုက်တစ်ခုလုံးရဲ့ လေးပုံတစ်ပုံလောက်ဟာ မစ္စတာ Xi သမ္မတဖြစ်ပြီးနောက် ကာလကို ရည်ညွှန်းထားပါတယ်။
အခု နှစ်ပတ်လည်နဲ့ ပတ်သက်ပြီး တရုတ် သတင်းစာနဲ့ အီလက်ထရွန်နစ် မီဒီယာတွေမှာ အထူးအလေးပေး ဖော်ပြနေပါတယ်။ ဒီနှစ်အတွင်းမှာ ရုပ်မြင်သံကြား ဒရာမာဇာတ်လမ်းပေါင်း ၁၀၀ နီးပါး ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ နိုင်ငံပိုင် Xinhua သတင်းအေဂျင်စီက ဆိုပါတယ်။