အိုလံပစ်အားကစားသမားများကို ကမ္ဘာနဲ့အဝှမ်း အားပေးနိုင်ရေး လုပ်ဆောင်မည်

တိုကျိုအိုလံပစ်နဲ့ ပါရာလင်းပစ်အားကစားပြိုင်ပွဲကျင်းပရေး ကော်မတီက ပြိုင်ပွဲဝင်အားကစားသမားတွေကို အားပေးရေးမှာ ကမ္ဘာတစ်ဝန်းကပရိသတ်တွေ ပါဝင်နိုင်မယ့်အစီအစဉ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြိုင်ပွဲကျင်းပရေးကော်မတီဟာ နိုင်ငံခြားက ပွဲကြည့်ပရိသတ် တွေ လာရောက်ခွင့်မပြုတာကို မတ်လအတွင်းက ဆုံးဖြတ်ခဲ့ပါတယ်။ ပြည်တွင်းပရိသတ်တွေအတွက် အများဆုံး ဝင်ခွင့်ပြုမယ့်အရေအတွက်ကို အားကစားပွဲကျင်းပရာနေရာမှာ ဆန့်တဲ့အရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းအထိ ဒါမှမဟုတ် လူ ၁၀၀၀၀ အထိခွင့်ပြုဖို့ စီစဉ်ထားပါတယ်။
ပရိသတ်တွေက လူမှုဆက်သွယ်ရေးကွန်ယက်မှာ မျှဝေကြတဲ့ ဗီဒီယိုတွေနဲ့ သတင်းစကားတွေကို ရယူတည်းဖြတ်သုံးစွဲမယ်ဆိုတာနဲ့ အဲဒီဗီဒီယိုတွေကို အားကစားပြိုင်ပွဲကျင်းပရာနေရာ အားလုံးမှာပြသမယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီက ပြောပါတယ်။
အိုလံပစ်အားကစားပြိုင်ပွဲရုပ်သံထုတ်လွှင့်ရေးဝန်ဆောင်မှုအဖွဲ့ဟာ တစ်နိုင်ငံလုံးထုတ်လွှင့်တဲ့ ရုပ်သံလွှင့်ဌာနတွေနဲ့ ဒေသန္တရသတင်းဌာနတွေထုတ်လွှင့်တဲ့ သတင်းနဲ့အစီအစဉ်တွေ ကိုလည်း ပြသမှာဖြစ်ပါတယ်။
မီဒီယာနဲ့ အင်တာဗျူးဖို့ သီးခြားသတ်မှတ်ထားတဲ့နေရာတွေမှာ အားကစားသမားတွေဟာ အွန်လိုင်းကနေတဆင့် သူတို့ရဲ့ မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေနဲ့ အပြန်အလှန်ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။
NHK ရဲ့ "Let's Cheer for the World" ဆိုတဲ့ နိုင်ငံအလိုက် ဘာသာစကားအမျိုးမျိုးနဲ့ အားကစားသမားတွေကို အားပေးတဲ့ ဗီဒီယိုနဲ့ ရုပ်သံတွေကိုလည်းပြသမှာဖြစ်ပါတယ်။