Actemra ဆေးကို COVID-19 ကုသဆေးအဖြစ် FDA ခွင့်ပြု

အမေရိကန် အစားအစာနဲ့ ဆေးဝါး စီမံခန့်ခွဲရေးဌာန (FDA) က ဆေးရုံတက် နေတဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသဖို့အတွက် အဆစ်အမြစ်ရောင်တာတွေကို ကုသတဲ့ Actemra ဆေးကို အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုလိုက်ပါတယ်။ အဲဒီဆေးကို ဂျပန်နိုင်ငံမှာ တီထွင်ခဲ့တာပါ။

အဲဒီဆေးဟာ ခန္ဓာကိုယ်ရောင်ရမ်းတာတွေ ကုသတဲ့ steroids ဆေးကို သုံးစွဲနေရသူတွေ၊ အောက်ဆီဂျင်ပေးဖို့ လိုအပ်တဲ့ အသက်ရှူကြပ်နေသူတွေ ဒါမှမဟုတ် နှလုံးနဲ့ အဆုတ်ရဲ့ လုပ်ဆောင်ပုံတွေကို အစားထိုးလုပ်ပေးတဲ့ ECMO စက်တွေနဲ့ ကုသခံနေရတဲ့ အတွင်းလူနာတွေအတွက် ဖြစ်တယ်လို့ FDA က ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။
လက်တွေ့စမ်းသပ်မှု ၄ ခုရဲ့ ရလဒ်တွေအရ အဲဒီဆေးနဲ့ ကုသမှု မလုပ်ထားတဲ့ သူတွေနဲ့ နှိုင်းယှဉ်ရာမှာ Actemra ဆေးဟာ သေဆုံးနိုင်တဲ့ အန္တရာယ်ကို နည်းပါးစေပြီး ဆေးရုံတက်ရတဲ့ ကာလ တိုတောင်းစေတယ်လို့ ပြသနေကြောင်း FDA က ပြောပါတယ်။
Actemra ဆေးကို အိုစာကာ တက္ကသိုလ်က ပါမောက္ခ Kishimoto Tadamitsu ဦးဆောင်တဲ့ အဖွဲ့နဲ့ Chugai ဆေးဝါးကုမ္ပဏီတို့က ဂျပန်နိုင်ငံမှာ တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။