တရုတ်ရဲ့ ဆိုလာပြားတွေကို ကုန်သွယ်မှု အမေရိကန် တားမြစ်

တရုတ် ကုမ္ပဏီ ၅ ခုကို ကုန်သွယ်ရေးဆိုင်ရာ နာမည်ပျက်စာရင်းမှာ အမေရိကန်အစိုးရက ထပ်မံ ထည့်သွင်းလိုက်ပါတယ်။

Xinjiang Uygur ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အဲဒီကုမ္ပဏီတွေ ပါဝင်ပတ်သက်တယ်လို့ အမေရိကန်အစိုးရက ထောက်ပြခဲ့ပါတယ်။
အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက အဲဒီ နာမည်ပျက်စာရင်းကို ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာရင်းအရ ဆိုလာပြားတွေ ထုတ်လုပ်တဲ့ တရုတ်စွမ်းအင် ကုမ္ပဏီတွေနဲ့ ကုန်သွယ်မှုကို လက်တွေ့အားဖြင့် တားမြစ်လိုက်ပါတယ်။
အဓမ္မလုပ်အားပေးခိုင်းစေတာနဲ့ အစီအစဉ်ချပြီး စောင့်ကြည့်တာတွေ အပါအဝင် ဝီဂါနဲ့ တခြားလူနည်းစု တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အဲဒီကုမ္ပဏီတွေ ပါဝင် ပတ်သက်နေတယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက သံသယ ရှိနေပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆိုလာပြား အများဆုံး ထုတ်လုပ်သူ ဖြစ်ပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပြောင်းလဲသုံးစွဲဖို့အတွက် နိုင်ငံတော်တော်များများဟာ တရုတ်နိုင်ငံအပေါ် မှီခိုနေရပါတယ်။ ဒါပေမဲ့ ဆိုလာပြားတွေမှာ အသုံးပြုတဲ့ polysilicon တွေရဲ့ ပမာဏ အမြောက်အမြားဟာ ရှင်ကျန်းဒေသက လာတာဖြစ်တယ်လို့ အမေရိကန်လွှတ်တော်က ထောက်ပြခဲ့ပါတယ်။
ရှင်ကျန်းမှာ အဓမ္မ ခိုင်းစေပြီး ထုတ်လုပ်ထားတယ်လို့ သံသယရှိခဲ့တဲ့ ချည်ထည်တွေ တင်သွင်းမှုကိုလည်း ဇန်နဝါရီလတုန်းက အမေရိကန်အစိုးရက ပိတ်ပင်ခဲ့ပါတယ်။