လုပ်ငန်းခွင်မှာ ကာကွယ်ဆေးထိုးမှုအတွက် လျှောက်လွှာလက်ခံမှု ရပ်ဆိုင်းမယ်

လုပ်ငန်းခွင်မှာ ကာကွယ်ဆေးထိုးမှုအတွက် လျှောက်လွှာလက်ခံတာကို သောကြာနေ့ ညနေ ၅ နာရီ နောက်ပိုင်းမှာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဂျပန်အစိုးရက ဆိုပါတယ်။

အစိုးရဟာ လုပ်ငန်းခွင် ကာကွယ်ဆေးထိုးမှု အစီအစဉ်ကို တနင်္လာနေ့မှာမှ အလုံးအရင်းနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီ အစီအစဉ်အတွက် Moderna ကာကွယ်ဆေးတွေကို ဖြန့်ဖြူးဖို့ အလျင်မမီဘဲ တောင်းဆိုထားတဲ့ ပမာဏဟာ အစိုးရက ပေးအပ်နိုင်တဲ့ ပမာဏကို ကျော်လွန်ဖွယ်ရှိတယ်လို့ အစိုးရ အရာရှိတွေက ဆိုပါတယ်။
လျှောက်လွှာလက်ခံမှုတွေကို ဘယ်အချိန်မှာ ပြန်လည် စတင်နိုင်မလဲဆိုတာ မသိနိုင်သေးဘူးလို့ အဲဒီ အရာရှိတွေက ဆိုပါတယ်။ ဂျပန်ရဲ့ ကာကွယ်ဆေးထိုးမှုဆိုင်ရာ တာဝန်ခံ ဝန်ကြီး Kono Taro က ကုမ္ပဏီတွေမှာ ကာကွယ်ဆေးထိုးမှု အစီအစဉ်ကို အပြည့်အဝ လုပ်ဆောင်မယ်ဆိုရင် နေ့စဉ် ဆေးထိုးတဲ့ ပမာဏဟာ အကြိမ်ရေ ၁.၄ သန်းစာ နီးပါး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဖြန့်ဖြူးမှု ရှုထောင့်ကကြည့်ရင် ဒါဟာ သူ ထင်ထားတာထက် အများကြီး မြန်ဆန်တဲ့နှုန်းနဲ့ အများဆုံးကန့်သတ်ချက် ပမာဏကို နီးကပ်လာနေတယ်လို့ သူက ပြောပါတယ်။
အားလုံးခြုံပြီး ကာကွယ်ဆေးထိုးမှုကို အရှိန်လျော့ကျ မသွားစေဖို့အတွက် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေမှာ အသုံးပြုနေတဲ့ Pfizer-BioNTech ကာကွယ်ဆေးကို သုံးပြီး ကာကွယ်ဆေးထိုးမှု ချောချောမွေ့မွေ့လုပ်ဆောင်နိုင်အောင် စီစဉ်နေတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။