ဂျပန်က အသက်ကြီးသူတွေရဲ့ ထက်ဝက်ကျော် ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး

ဗုဒ္ဓဟူးနေ့အထိ ဂျပန်က အသက်ကြီးသူ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီး ဖြစ်တယ်လို့ ဂျပန်အစိုးရက ဆိုပါတယ်။

ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ လူပေါင်း ၁၈,၁၃၀,၁၂၅ ဦး တစ်နည်းအားဖြင့် ဂျပန်က အသက်ကြီးသူတွေရဲ့ ၅၁.၀၉ ရာခိုင်နှုန်းဟာ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း၊ ၁၇.၅၁ ရာခိုင်နှုန်းကတော့ ဒုတိယအကြိမ်ပါ ထိုးပြီးဖြစ်ကြောင်း သိရပါတယ်။
ဂျပန်မှာ ကာကွယ်ဆေးထိုးမှုကို ဖေဖော်ဝါရီလမှာ အရင်ဆုံး ကျန်းမာရေး ဝန်ထမ်းတွေကနေ စတင်ခဲ့ပါတယ်။ နောက်နှစ် မတ်လမှာ အသက် ၆၅ နှစ်နဲ့ အထက် ရှိသူတွေကို ဧပြီလ ၁၂ ရက်နေ့မှာ ကာကွယ်ဆေး စထိုးခဲ့ပါတယ်။
အဲဒီ အသက်အရွယ်အုပ်စုက ကာကွယ်ဆေးထိုးဖို့ ဆန္ဒရှိသူအားလုံး ဇူလိုင်လကုန်မှာ ဆေးထိုးပြီး ဖြစ်စေဖို့ အစိုးရက စီစဉ်နေပါတယ်။
ခရိုင်အလိုက်ဆိုရင် ဂျပန်အနောက်တောင်ပိုင်းက စာဂါ ခရိုင်ဟာ ကာကွယ်ဆေးထိုးနှုန်း အမြင့်ဆုံးဖြစ်ပါတယ်။ ပထမအကြိမ် ဆေးထိုးပြီးသူပမာဏဟာ အသက်ကြီးသူ လူဦးရေရဲ့ ၆၈.၃၃ ရာခိုင်နှုန်း ရှိပြီး နှစ်ကြိမ်ထိုးပြီးသူတွေကတော့ ၂၉.၂၅ ရာခိုင်နှုန်း ရှိပါတယ်။