Congo ဆိုင်ရာ အီတလီ သံအမတ် ယာဉ်တန်းတိုက်ခိုက်ခံရပြီး သေဆုံး

Congo ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီးနဲ့ တခြားနှစ်ဦးတို့ဟာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရမှုတစ်ခု အတွင်း သေဆုံးခဲ့ပါတယ်။

တနင်္လာနေ့က Congo အရှေ့ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ သံအမတ် Luca Attanasio၊ သူရဲ့ သက်တော်စောင့်နဲ့ Congo လူမျိုး ကားမောင်းသူတစ်ဦးတို့ သေဆုံးသွားခဲ့တယ်လို့ အီတလီအစိုးရက ပြောကြားခဲ့ပါတယ်။
သူတို့ဟာ WFP က လုပ်ဆောင်နေတဲ့ စာသင်ကျောင်းက အစားအစာ ကျွေးမွေးရေးအစီအစဉ်နဲ့ပတ်သက်ပြီး စစ်ဆေးဖို့ သွားနေစဉ်အတွင်း အခုလို အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ WFP က ပြောကြားခဲ့ပါတယ်။
အဲဒီ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ အီတလီက ကြိုးပမ်းသွားမယ်လို့ အီတလီနိုင်ငံခြားရေးဝန်ကြီး Luigi Di Maio က ပြောကြားခဲ့ပါတယ်။
Congo ဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ မြေအောက်သယံဇာတတွေကို ထိန်းချုပ်နိုင်ရေးအတွက် အစိုးရနဲ့ လက်နက်ကိုင်အုပ်စုတွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မတည်မငြိမ် ဖြစ်နေပါတယ်။
WFP ဟာ အဲဒီဒေသမှာရှိတဲ့ ရုန်းကန်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ ပို့ပေးရေး ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဧရိယာတွေရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပိုမိုကောင်းမွန်တဲ့ အနေအထားတွေ ဖန်တီးပေးခဲ့တဲ့အတွက် WFP ဟာ ပြီးခဲ့တဲ့နှစ်က နိုဘယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။