ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်ရဲ့ တောင်းဆိုမှုအပေါ် အမေရိကန် အယုံအကြည် မရှိကြောင်း ပြသ

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် တရုတ်အစိုးရဆန့်ကျင်ရေး ဆောင်ရွက်ချက်တွေကို အမေရိကန်အနေနဲ့ ပယ်ဖျက်ပေးဖို့ တရုတ်ရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ယုံကြည်မှု မရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတဟောင်း Donald Trump လက်ထက်က သဘောထား တင်းမာတဲ့ မူဝါဒတွေကို ပယ်ဖျက်ပေးဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က သမ္မတ Joe Biden အစိုးရကို တနင်္လာနေ့က တိုက်တွန်းခဲ့ပါတယ်။
ရာသီဥတု ပြောင်းလဲမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလိုမျိုး ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အမေရိကန် နဲ့ တရုတ် ပူးပေါင်း ဆောင်ရွက်ရေးအတွက် လမ်းဖွင့်ပေးနိုင်ဖို့ အမေရိကန်အစိုးရအနေနဲ့ တရုတ်ကုန်စည်တွေအပေါ် အကြောင်းပြချက် မခိုင်လုံတဲ့ အခွန်ကောက်ခံမှုတွေ ဖယ်ရှား ပေးသင့်ကြောင်းနဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေအပေါ် တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းသင့်တယ်လို့ မစ္စတာ Wang က ပြောပါတယ်။
မစ္စတာ Wang ရဲ့ မှတ်ချက်တွေဟာ "တရုတ်နိုင်ငံရဲ့ စီးပွားရေးမှာ ခေါင်းပုံဖြတ်တဲ့ အမူအကျင့်၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခြင်းနဲ့ ကမ္ဘာ့စံညွှန်း လူ့အခွင့်အရေး ဖိနှိပ်မှု စတဲ့ လုပ်ရပ်တွေအပေါ် အပြစ်တင်ဝေဖန်မှုတွေကို ရှောင်လွှဲဖို့ သူတို့အစိုးရရဲ့ လုပ်ရိုးလုပ်စဉ်တွေ" ကို ထင်ဟပ်ပြသနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က သတင်းထောက်တွေကို တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
“ရှင်ကျန်းနဲ့ တိဘက် ဒါမှမဟုတ် တရုတ်နိုင်ငံက တစ်နေရာရာမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့အချိန်၊ ဒါမှမဟုတ် ဟောင်ကောင်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ် ခံနေရတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ဒီမိုကရေစီရဲ့ စံချိန်စံညွှန်းတွေအတွက် ရပ်တည်သွားမယ်”လို့ မစ္စတာ Price က ပြောပါတယ်။
ဒါ့အပြင် "အင်အား ခိုင်ခိုင်မာမာနဲ့ တရုတ်ကို ချဉ်းကပ်ဖို့" အတွက် အင်ဒို-ပစိဖိတ်ဒေသက ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယ အပါအဝင် အမေရိကန်ရဲ့ မဟာမိတ်တွေ၊ နိုင်ငံတကာက မိတ်ဖက်တွေနဲ့အတူ အနီးကပ် ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ မစ္စတာ Price က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။