ဖူကုရှီမ ဓာတ်အားပေးစက်ရုံမှာ ဓာတ်ပေါင်းဖိုအကန့်ထဲက ဖိအား လျော့ကျ

ဖူကုရှီမ အမှတ် (၁) နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက ဓာတ်ပေါင်းဖို အကန့်တစ်ခုရဲ့ အတွင်းက ဖိအား လျော့ကျနေတာကို တိုကျို လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ (TEPCO) က တွေ့ခဲ့ရပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အဲဒီစက်ရုံရှိရာ ဧရိယာမှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ဖြစ်နိုင်တယ်လို့ TEPCO က ဆိုပါတယ်။ ရေဒီယို သတ္တိကြွ ပစ္စည်းတွေ ယိုစိမ့်ထွက်မှု မရှိဘူးလို့ TEPCO က ပြောပါတယ်။
ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်က ဒီ ဓာတ်အားပေးစက်ရုံမှာ အခုအခါ စက်ရုံဖျက်သိမ်းရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပါတယ်။
တနင်္ဂနွေနေ့ ညနေ ၆ နာရီလောက်မှာ နံပါတ် (၁) ဓာတ်ပေါင်းဖိုရဲ့ အကန့်တွင်း ဖိအားဟာ ပုံမှန် ၁.၂ ကီလိုပါစကယ် ရှိရာကနေ ၀.၉ ကီလိုပါစကယ် အထိ ကျဆင်းခဲ့တာကို အတည်ပြုခဲ့ကြောင်း TEPCO က ဆိုပါတယ်။ ဖိအားကို မြှင့်တင်ဖို့နဲ့ ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု အန္တရာယ် လျော့ချဖို့ ဒီ အကန့်ထဲကို နိုင်ထရိုဂျင်ကို ထည့်ပေးနေပါတယ်။
ငလျင်လှုပ်ပြီးနောက် အဲဒီ ထိန်းချုပ်ရေးအကန့်ထဲမှာ ရေပမာဏ လျော့ကျခဲ့တာကို TEPCO က တွေ့ရှိခဲ့ပါတယ်။
ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြဿနာ မရှိဘူးဆိုရင် အဲဒီ အကန့်ထဲကို ရေတွေဆက်ပြီး ထည့်သွားမယ်လို့ TEPCO က ပြောပါတယ်။
စက်ရုံဝင်းအတွင်းက ရေဒီယို သတိကြွမှု စောင့်ကြည့်ရေးနေရာရဲ့ တိုင်းတာချက် ကိန်းဂဏန်းတွေမှာ မူမမှန်တဲ့ အနေအထား မတွေ့ရဘူးလို့ TEPCO က ဆိုပါတယ်။