နောက်ထပ် မြန်မာ စစ်တပ် အရာရှိ ၂ ဦးကို အမေရိက ဒဏ်ခတ်ပိတ်ဆို့

မြန်မာနိုင်ငံမှာ အခုလအစောပိုင်းက စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့အကြီးတန်း အရာရှိ နောက်ထပ် ၂ ဦး အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ အမေရိကန် သမ္မတ Joe Biden က ပြောလိုက်ပါတယ်။

တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက် တစ်စောင်မှာ ဒီ ဒဏ်ခတ်ပိတ်ဆို့မှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၂ ဦးကို ပစ်မှတ်ထားတယ်လို့ ဆိုထားပါတယ်။ အဲဒီ ကောင်စီကို မြန်မာ စစ်တပ်က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အရာရှိ ၂ ဦးရဲ့ အမေရိကန်ပြည်ထောင်စုထဲမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းလိုက်ပါတယ်။ အဲဒီသူတွေနဲ့ အမေရိကန် နိုင်ငံသားတွေအကြား စီးပွားရေးလုပ်ဆောင်တာကိုလည်း တားမြစ်ထားပါတယ်။
မြန်မာ "စစ်တပ်အနေနဲ့ မိမိတို့ရဲ့ လုပ်ရပ်တွေကို ရုပ်သိမ်းပြီး ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ထားတဲ့ အစိုးရကို ချက်ချင်းလက်ငင်း ပြန်လည်ဖော်ဆောင်ရမယ်" လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။ စစ်တပ်က လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ "နောက်ထပ် ဆောင်ရွက်မှုတွေအတွက် လက်နှေးနေမှာမဟုတ်ဘူး" လို့လည်း ဆိုထားပါတယ်။
ဒါဟာ သမ္မတ Biden အစိုးရက ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် ချမှတ်တဲ့ ဒုတိယမြောက် ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်ပါတယ်။ အမေရိကန် အစိုးရဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီ ၃ ခု အပေါ် ဦးတည်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း သူက "အကြမ်းပတမ်းတိုက်ခိုက်မှုတွေ" လို့ ရည်ညွှန်းခေါ်ဝေါ်ခဲ့တဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်နက်မဲ့ ဆန္ဒပြသူတွေအပေါ် လုပ်ဆောင်မှုကို ရှုတ်ချအပြစ်တင်ထားတဲ့ ကြေညာချက်တစ်စောင်ကို တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်မှာ ဒီတိုက်ခိုက်မှုတွေကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။