မြန်မာနိုင်ငံက အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်မှာ ပြည်သူ သန်းနဲ့ချီပြီး ပါဝင်ခဲ့

အခုလ အစောပိုင်းက စစ်တပ်ရဲ့ အဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ တနင်္လာနေ့တုန်းက မြန်မာနိုင်ငံတဝန်းမှာ ပြည်သူတွေက အထွေထွေသပိတ်ကြီးကို ဆင်နွှဲခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေမှာ ပြည်သူ သန်းပေါင်းများစွာ ပါဝင်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဆိုပါတယ်။

ရန်ကုန်မြို့မှာ ကုန်တိုက်တွေနဲ့ စူပါမားကက်တွေသာမက ရပ်ကွက်ထဲက လက်လီအရောင်းဆိုင်တွေပါ ပိတ်ခဲ့ပါတယ်။ စက်ရုံ၊ ဘဏ်၊ ရထားပို့ဆောင်ရေးနဲ့ ဘတ်စကားတွေ ရပ်ဆိုင်းခဲ့တာကြောင့် ရန်ကုန်မြို့ဟာ လက်တွေ့အားဖြင့် လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ပါတယ်။
နိုင်ငံတဝန်းမှာလည်း ပြည်သူတွေက ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား အာဏာရပါတီ အဖွဲ့ဝင်တွေကို စစ်တပ်က ထိန်းသိမ်းဖမ်းဆီးပြီး အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့ နောက်ပိုင်းမှာ အကြီးမားဆုံး ဆန္ဒပြမှု ဖြစ်တယ်လို့ မီဒီယာ သတင်းတွေက ဆိုပါတယ်။
တနင်္လာနေ့မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးအာဏာပိုင်တွေအကြား ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ မရရှိခဲ့ပါဘူး။ ဒါပေမဲ့ နေပြည်တော်မှာ ဆန္ဒပြသူ ၁၅၀ ကျော် ယာယီ ထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ဟာ အခြေအနေတွေကို သတိထားပြီး ထိန်းချုပ်နေတယ်ဆိုတဲ့ ပြောကြားချက်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားက ကိုးကားဖော်ပြခဲ့ပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေမှာ လူ ၄ ဦးပဲ သေဆုံးခဲ့ကြောင်းနဲ့ ဒီသေဆုံးမှုအရေအတွက်ဟာ တခြားနိုင်ငံတွေက အလားတူ ဆန္ဒပြပွဲတွေထက် နည်းနေကြောင်း သူက အရိပ်အမြွက်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒီမှတ်ချက်တွေဟာ လူထုရဲ့ နောက်ထပ် အပြစ်တင်ဝေဖန်မှုတွေကို ခံရနိုင်ဖွယ်ရှိနေပါတယ်။
ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ပြီး သေဆုံးသူတွေ ရှိလာခဲ့တဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ပြည်တွင်းပြည်ပက ရှုတ်ချအပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။