ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက် ရုပ်သိမ်းဖို့နဲ့ ပတ်သက်ပြီး ဂျပန်အစိုးရ ဆွေးနွေးမယ်

ဂျပန် ဝန်ကြီးချုပ် Suga Yoshihide နဲ့ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေးနဲ့ ပတ်သက်နေတဲ့ ဝန်ကြီးတွေဟာ အရေးပေါ်အခြေအနေ ကြေညာချက်ကို ခရိုင် ၅ ခုမှာ ရုပ်သိမ်းရေး စဉ်းစားမယ်လို့ မျှော်လင့်ရပါတယ်။

အဲဒီ ခရိုင် ၅ ခုကတော့ အိုစာကာ၊ ကျိုတို၊ ဟျောဂို၊ အိုင်းချိ နဲ့ ဂီဖု တို့ပဲဖြစ်ပါတယ်။ တိုကျိုနဲ့ တခြား ခရိုင် ၉ ခုမှာ မတ်လ ၇ ရက်နေ့အထိ အရေးပေါ်အခြေအနေ ကြေညာချက်ကို ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။
အိုစာကာ၊ ဟျောဂို နဲ့ ကျိုတို တို့က ခရိုင်အုပ်ချုပ်ရေးမှူးတွေက သူတို့ ခရိုင်တွေမှာ အရေးပေါ်အခြေအနေ ကြေညာချက်ကို စောစော ရုပ်သိမ်းဖို့ ဗဟိုအစိုးရကို အင်္ဂါနေ့မှာ တောင်းဆိုခဲ့ကြပါတယ်။ ဂျပန် အနောက်ပိုင်းက အဲဒီ ခရိုင် ၃ ခုမှာ ကူးစက်သူအသစ် နဲ့ ဆေးရုံတက်ရသူ အရေအတွက်တွေ ကျဆင်းခဲ့ပါတယ်။
အိုင်းချိ ခရိုင်အုပ်ချုပ်ရေးမှူးက အခုလကုန် နောက်ဆုံးထားပြီး အရေးပေါ်အခြေအနေ ကြေညာချက်ကို ရုပ်သိမ်းဖို့ ဖြစ်နိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး ကပ်လျက်တည်ရှိတဲ့ ဂီဖု ခရိုင်က အရာရှိတွေနဲ့ ဆွေးနွေးမှုတွေကို စတင်ခဲ့ပါတယ်။
ဝန်ကြီးချုပ် Suga ဟာ အဲဒီ ခရိုင် ၅ ခုမှာ အရေးပေါ်အခြေအနေ ကြေညာချက် ရုပ်သိမ်းဖို့ ဖြစ်နိုင်မလားဆိုတာကို စီးပွားရေး ပြန်နာလံထူလာရေးဝန်ကြီး Nishimura Yasutoshi ၊ ကျန်းမာရေး ဝန်ကြီး Tamura Norihisa တို့နဲ့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးမယ်လို့ ယူဆရပါတယ်။
တိုကျိုမှာ တနင်္လာနေ့က တစ်နေ့တာ ကူးစက်သူအသစ် အရေအတွက်ဟာ ၃ လအတွင်း ပထမဦးဆုံးအဖြစ် ၂၀၀ အောက်ကို ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း တိုကျိုမြို့တော်မှာ ဆေးကုသရေးစနစ်အပေါ် ဝန်ပိနေတာကို ထောက်ပြပြီး မတ်လ ၇ ရက်နေ့မတိုင်ခင် အရေးပေါ်အခြေအနေ ကြေညာချက်ကို ရုပ်သိမ်းဖို့နဲ့ ပတ်သက်ပြီး အစိုးရက သတိထားနေပါတယ်။