ရှောင်တစ်ခင် စစ်ဆေးမှုခွင့်ပြုထားတာကို အီရန် ရပ်ဆိုင်း သွားမယ်လို့ IAEA ပြော

အီရန်ဟာ နျူကလီးယားအဆောက်အအုံတွေမှာ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ ရှောင်တစ်ခင် စစ်ဆေးမှုတွေ ခွင့်ပြုထားတာကို အင်္ဂါနေ့ကစပြီး ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ လိုအပ်တဲ့ စစ်ဆေးအတည်ပြုမှုနဲ့ လေ့လာစောင့်ကြည့်တဲ့ လုပ်ငန်းတွေကိုတော့ လတ်တလောမှာ ဆက်လက်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ IAEA က ဆိုပါတယ်။
IAEA အကြီးအကဲ မစ္စတာ Rafael Grossi ဟာ အီရန်နိုင်ငံရဲ့ အနုမြူစွမ်းအင်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ Ali Akbar Salehi နဲ့ တနင်္ဂနွေနေ့က အီရန်မှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် IAEA က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ အီရန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ နဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်အရ အီရန်အစိုးရရဲ့ ဆန္ဒအတိုင်း နျူကလီးယား အစီအမံတွေ အကောင်အထည်ဖော်တာကို ရပ်တန့်သွားမယ်လို့ ဖော်ပြထားပါတယ်။
IAEA ဟာ လိုအပ်တဲ့ စစ်ဆေးအတည်ပြုမှု နဲ့ စောင့်ကြည့်လေ့လာတဲ့ လုပ်ငန်းတွေကို ၃လအထိ ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ နည်းပညာဆိုင်ရာ အပြန်အလှန် ယာယီနားလည်မှုတစ်ခုကို ၂ ဖက် သဘောတူခဲ့ကြတယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီအတောအတွင်း အီရန်နိုင်ငံရဲ့ အနုမြူစွမ်းအင်အဖွဲ့ က အမေရိကန်က အီရန်အပေါ်ချမှတ်ထားတဲ့ စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးမှသာ အဖွဲ့အနေနဲ့ နျူကလီးယားအဆောက်အအုံတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိမ်းဆည်းထားပြီး IAEA ကို ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အရေးယူပိတ်ဆို့မှုတွေကို မပယ်ဖျက်ပေးရင် အဲဒီမှတ်တမ်းတွေ ကို ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။