အမေရိကန်အစိုးရက အီရန်နဲ့ ဆက်သွယ်ဖို့ စတင်

အိမ်ဖြူတော် အဆင့်မြင့်အရာရှိတစ်ဦးက အမေရိကန်ပြည်ထောင်စုဟာ အီရန်နိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး "အီရန်နဲ့ ဆက်သွယ်ဖို့ စတင်နေ" ပြီလို့ ပြောကြားလိုက်ပါတယ်။

အမေရိကန်အစိုးရဟာ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး တော့လည်း အီရန်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ အဆင်သင့်ပဲလို့ သူက အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
နိုင်ငံ့လုံခြုံရေးအကြံပေး Jake Sullivan ဟာ တနင်္ဂနွေနေ့က CBS သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အဲဒီလို မှတ်ချက်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Sullivan က နိုင်ငံသားတွေကို ဖမ်းဆီးထိန်းသိမ်း ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး "ကျွန်တော်တို့ အီရန်နဲ့ စတင်ဆက်သွယ်နေပြီ" ဆိုတာနဲ့ "ရှေ့ကို ဆက်လက် ဆောင်ရွက်သွားမယ်" လို့ ပြောပါတယ်။
အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်သမ္မတ Joe Biden ဟာ "လက်တွေ့ကျပြီး တိကျပြတ်သားတဲ့ သံတမန်ရေးက အကောင်းဆုံးနည်းလမ်း ဖြစ်တယ်" လို့ ယုံကြည်တဲ့အတွက် "အီရန်တွေနဲ့ဆွေးနွေးဖို့ စကားဝိုင်းဆီသွားဖို့ ပြင်ဆင်နေ" ပြီလို့ မစ္စတာ Sullivan က ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Saeed Khatibzadeh က တနင်္ဂနွေနေ့က နိုင်ငံပိုင် ရုပ်မြင်သံကြား ကနေ ပြန်လည်ပြောကြားရာမှာ အီရန်အစိုးရဟာ Tehran မြို့မှာရှိတဲ့ ဆွစ်ဇာလန် သံရုံးကနေတစ်ဆင့် အမေရိကန်အစိုးရ အဖွဲ့သစ်ဆီကနေ သတင်းစကားတွေ လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။ အဲဒီသံရုံးဟာ အီရန်မှာ အမေရိကန်နဲ့ ပတ်သက်ပြီး ကိုယ်စားပြု ဆောင်ရွက်နေပါတယ်။
နှစ်နိုင်ငံအနေနဲ့ တိုက်ရိုက်အဆက်အသွယ် မရှိဘူးလို့ မစ္စတာ Khatibzadeh က ပြောပါတယ်။