တရုတ်နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ဖို့ အမေရိကန်ကို တိုက်တွန်း

တရုတ်အစိုးရအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့အတူ လုပ်ဆောင်ဖို့ အသင့်ရှိနေပါတယ်လို့ဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်မှုရှိစေဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ပေကျင်းမှာ တနင်္လာနေ့က ကျင်းပတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ အွန်လိုင်း ညီလာခံမှာ မစ္စတာ Wang က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
မစ္စတာ Wang က သမ္မတဟောင်း Donald Trump အစိုးရအဖွဲ့အောက်မှာ တရုတ်အပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒကို အပြစ်တင်ဝေဖန်ခဲ့ပါတယ်။
"ကောင်းမွန်တဲ့ ဆက်ဆံရေးလမ်းကြောင်းဆီကို ပြန်သွားနိုင်ဖို့အတွက် အထင်အမြင်လွဲမှားနေတာတွေကို အရင်ဆုံး ဖြိုဖျက်ပစ်ရမယ်" လို့ သူက အလေးထား ပြောကြားခဲ့ပါတယ်။
အမေရိကန်အနေနဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အကြောင်းပြချက် မခိုင်လုံတဲ့ အခွန်ကောက်ခံမှုတွေကို ဖယ်ရှားပေးဖို့နဲ့ တရုတ်ကုမ္ပဏီတွေ၊ သုတေသနနဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေအပေါ် တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ မစ္စတာ Wang က မေတ္တာရပ်ခံခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၊ ရာသီဥတု ပြောင်းလဲမှုနဲ့ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူလာစေရေးဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အရေးပါဆုံးလုပ်ငန်းနယ်ပယ် ၃ ခု ဖြစ်တယ်လို့ မစ္စတာ Wang က ပြောပါတယ်။ တရုတ်နိုင်ငံဟာ မူဝါဒတွေကို ညှိနှိုင်းဖို့နဲ့ ကမ္ဘာကြီးတစ်ခုလုံး ကောင်းမွန်ဖို့ အတွက် ဒီနယ်ပယ် ၃ ရပ်မှာ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း မစ္စတာ Wang က ပြောကြားခဲ့ပါတယ်။