မြန်မာ နိုင်ငံတွင်း အကြမ်းဖက်မှုများကို ဂျပန်နဲ့ အမေရိကန်တို့ အပြစ်တင်

ဂျပန်နဲ့ အမေရိကန်အစိုးရတွေရဲ့ ထိပ်တန်းအရာရှိကြီးတွေက မြန်မာနိုင်ငံမှာ လတ်တလောကာလတွင်း စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်ကြတဲ့ပြည်သူတွေ အပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးအကြမ်းဖက်ခဲ့တာ ကို ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ကြပါတယ်။

ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် Kato Katsunobu က တနင်္လာနေ့က သတင်းထောက်တွေကို ပြောကြားရာမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တာတွေကြောင့် အရပ်သားအချို့ ထိခိုက်သေကြခဲ့ရတဲ့အတွက် အာဏာပိုင်တွေကို ဂျပန်က ပြင်းပြင်းထန်ထန်အပြစ်တင်တယ်လို့ ဆိုပါတယ်။
ပူဆွေးနေရတဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြေကွဲရတယ်ဆိုတာနဲ့ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေ အတွက်လည်း အထူးပဲစာနာမိတယ်ဆိုတာကို ပြောပါရစေလို့ မစ္စတာ Kato က ဆိုသွားပါတယ်။
ငြိမ်းချမ်းတဲ့ဆန္ဒပြမှုတွေအပေါ် သေနတ်သုံးပြီး နှိပ်ကွပ်တာကို တော့ ခွင့်မလွှတ်နိုင်ဘူးလို့ ပြောပါတယ်။ အရပ်သားတွေအပေါ် အင်အားသုံးကြမ်းရမ်းမှုတွေကိုအမြန်ဆုံးရပ်တန့်ဖို့ နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာလုံခြုံရေးအာဏာပိုင်တွေကို ဂျပန်အစိုးရက ပြင်းပြင်းထန်ထန်တောင်းဆိုမှာဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။
အဲဒါအပြင် ဒီမိုကရေစီအခြေပြုနိုင်ငံရေးစနစ်ကို အမြန်ဆုံးပြန်လည်ကျင့်သုံးရေးအတွက် အမြန်လုပ်ဆောင်ဖို့ မြန်မာစစ်တပ်ကို ဂျပန်အစိုးရက တောင်းဆိုမှာဖြစ်တယ်လို့ မစ္စတာ Kato က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မြန်မာပြည်သူတွေအပေါ် အင်အားသုံးကြမ်းရမ်းမှုတွေကို လုပ်ဆောင်ကြတဲ့သူတွေအပေါ် အမေရိကန်ပြည်ထောင်စုဟာ ခိုင်မာတဲ့ အရေးယူဆောင်ရွက်ချက်တွေကို ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ တွစ်တာလူမှုကွန်ယက်မှာ ရေးသားဖော်ပြလိုက်ပါတယ်။ မြန်မာပြည်သူပြည်သားတွေနဲ့ အတူ အမေရိကန်ပြည်ထောင်စုဟာ ရပ်တည်ပါတယ်လို့လည်း မစ္စတာ Blinken က ဆိုထားပါသေးတယ်။