မြန်မာနိုင်ငံက အထွေထွေသပိတ်ကြီးတွင် လူ ၁ သန်းကျော် ပါဝင်

စစ်တပ်က အာဏာသိမ်းခဲ့တာကို ကန့်ကွက်ဆန့်ကျင်ကြဖို့ မြန်မာနိုင်ငံအနှံ့မှာ လှုံ့ဆော်တောင်းဆိုခဲ့တာကြောင့် နယ်ပယ်အသီးသီးက ပြည်သူတွေဟာ ကြီးမားလှတဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကို ပြုလုပ်နေကြတဲ့အတွက် တင်းမာမှုတွေ မြင့်တက်လာနေပါတယ်။

တနင်္လာနေ့က အနည်းဆုံး မြို့ကြီး ၈ မြို့မှာ ပြုလုပ်ခဲ့တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေမှာ လူ ၁ သန်းလောက် ပါဝင်ခဲ့ကြတယ်လို့ ဒေသတွင်းမီဒီယာတွေက ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေထဲမှာ ဒါဟာအကြီးမားဆုံးပါပဲ။
ရန်ကုန်မြို့မှာဆိုရင် ဆရာဝန်တွေ သူနာပြုတွေဟာ ဆေးရုံ ဆေးခန်းမြောက်မြားစွာကနေ ထွက်လာခဲ့ကြသလို စျေးကြီးတွေ ကုန်တိုက်ကြီးတွေ ၊ စားသောက်ဆိုင်တွေနဲ့ ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းတွေဟာလည်း ယာယီပိတ်ခဲ့ကြပါတယ်။
အဲဒီလိုဆန္ဒပြမှုတွေမှာ အသက်အရွယ်စုံပါဝင်ခဲ့ကြပါတယ်။ သူတို့တတွေဟာ အဓိကကျတဲ့ လမ်းမကြီးတွေ လမ်းဆုံလမ်းခွ တွေကို ပိတ်ဆို့ထားခဲ့ပြီး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ တောင်းဆိုနေခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ကန့်ကွက်ဆန္ဒပြမှုအတွင်း သေနတ်နဲ့အပစ်ခံရတဲ့အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦးဟာ သောကြာနေ့မှာ သေဆုံးသွားခဲ့ပါတယ်။ စနေနေ့မှာလည်း ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာ ဆန္ဒပြသူ ၃ ဦးဟာ သေနတ်နဲ့ အပစ်ခံခဲ့ရပြီးတဲ့နောက် သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဆိုပါတယ်။
စစ်တပ်ကတော့ သူတို့တတွေအင်အားသုံးပြီး ကြမ်းကြမ်းတမ်းတမ်းပြုမူခဲ့တာတွေကို မှန်ကန်တယ်လို့ဆိုရင်း ကြမ်းရမ်းတဲ့ ဆန္ဒပြသူတွေကို နှိပ်ကွပ်ဖို့လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ကန့်ကွက်ဆန္ဒပြမှုတွေမှာ မပါဝင်ကြဖို့လည်း ပြည်သူတွေကို တောင်းဆိုနေပါတယ်။