မြန်မာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၂ ဦး သေဆုံး

စနေနေ့က မန္တလေးမြို့မှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်မှုကြောင့် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြသူနှစ်ဦးသေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတွင်း သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင်တဲ့ ကြီးမားတဲ့ဆန္ဒပြမှုတွေ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားခဲ့တာဟာ သီတင်းနှစ်ပတ် ကျော်ကြာ ရှိနေပြီ ဖြစ်ပါတယ်။
စနေနေ့ကလည်း ရန်ကုန်မြို့ လမ်းမတွေ၊ မန္တလေးနဲ့ တခြားနေရာ အနှံ့အပြားမှာ ဆန္ဒပြသူတွေနဲ့ ပြည့်နေခဲ့ပါတယ်။
ဒေသခံမီဒီယာတွေရဲ့ သတင်းတွေအရ ရဲတပ်ဖွဲ့ဟာ အလုပ်သမားတွေကို လောင်စာဆီ ဖြည့်တင်းတဲ့ အလုပ်နေရာတွေဆီ ပြန်ဖို့ အမိန့်ပေးခဲ့ပြီး မကြာခင်မှာ စတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေက အာဏာသိမ်းတဲ့အပေါ် ကန့်ကွက်ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာတော့ ဆန္ဒပြသူတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ထပ်မံတိုးမြှင့်ပေးဖို့ အမေရိကန်သံရုံး ရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။
စစ်ဗိုလ်ချုပ်တွေ ပြုတ်မကျမချင်း အလုပ်ခွင်ကို ပြန်မဝင်ဘူးလို့ ဆန္ဒပြသူ တွေက ကြွေးကြော်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်က ကြီးမားတဲ့ ဆန္ဒပြပွဲတစ်ခုမှာ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ဦးခေါင်းကို သေနတ်နဲ့ အပစ်ခံရပြီးတဲ့နောက် သောကြာနေ့မှာ သေဆုံးသွားခဲ့ပါတယ်။
သူဟာ ဆန္ဒပြသူတွေထဲက ပထမဆုံး သေဆုံးသွားခဲ့သူ ဖြစ်ပါတယ်။