ဂျပန်၊ အမေရိကန်နဲ့ ပြင်သစ် ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်

ဂျပန့် ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ MSDF ဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကျူရှူးကမ်းလွန်က ရေပိုင်နက်မှာ အမေရိကန်၊ ပြင်သစ် စစ်သင်္ဘောတွေနဲ့ ပူးတွဲလေ့ကျင့်မှု တစ်ခုပြုလုပ်ခဲ့ပါတယ်။

သောကြာနေ့က ၃နိုင်ငံ အပြန်အလှန် ရေပြင် အင်အားဖြည့်တင်းပေးရေး စစ်ရေးလေ့ကျင့်မှုမှာ ထောက်ပံ့ရေးရေယာဉ် Hamana ၊ အမေရိကန် ဖျက်သင်္ဘော Curtis Wilbur နဲ့ ပြင်သစ် စစ်သင်္ဘော Prairial တို့ ပါဝင် လေ့ကျင့်ခဲ့တယ်လို့ MSDF က ဆိုပါတယ်။
ဂျပန်နဲ့ ပြင်သစ်တို့ဟာ ၂၀၁၉ ခုနှစ်မှာ Acquisition and Cross-Servicing Agreement (ACSA)သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ACSA စာချုပ်မှာ နှစ်နိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့တွေကို အစားအစာ၊ လောင်စာနဲ့ ခဲယမ်းမီးကျောက်တွေလိုမျိုး ထောက်ပံ့ရေးပစ္စည်းတွေ အပြန်အလှန် ပံ့ပိုးပေးဖို့ ခွင့်ပြုထားပါတယ်။ ရေပြင်မှာ အပြန်အလှန် ထောက်ပံ့ပေးတဲ့ စစ်ရေးလေ့ကျင့်မှုဟာ အဲဒီသဘောတူညီချက်အရ ပထမဆုံးပြုလုပ်တဲ့ လေ့ကျင့်မှု ဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ ပြင်သစ် ဖရီးဂိတ်စစ်သင်္ဘောကို မြောက်ကိုရီးယားရဲ့ ပင်လယ်ထဲ သင်္ဘောကနေ သင်္ဘောပေါ် ကုန်ပစ္စည်း လွှဲပြောင်း သယ်ယူနေမှုတွေကို စောင့်ကြည့်ဖို့ အခုလကစပြီး အရှေ့တရုတ်ပင်လယ်ကို စေလွှတ်ခဲ့ပြီးဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံအချင်းချင်း ထောက်ပံ့ပေးနိုင်ဖို့အပြင် တရုတ်က ရေကြောင်း ကာကွယ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေ တဲ့အတွက် အခုလို နိုင်ငံတွေအကြား အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ လုပ်ပြဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပုံရပါတယ်။