ကိုရိုနာကပ်ဘေးကြောင့် ကျောင်းထွက်တဲ့ကောလိပ်ကျောင်းသားထောင်ချီရှိ

ဂျပန်မှာ ပြီးခဲ့တဲ့နှစ် ဧပြီလကနေ ဒီဇင်ဘာလ အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက် ပြန့်ပွားမှုကြောင့် အဆင့်မြင့်ပညာသင်ကျောင်းသူကျောင်းသား အနည်းဆုံး ၅၈၀၀ တို့ဟာ ကျောင်းထွက် ဒါမှမဟုတ် ကျောင်းနားထားခဲ့ ရတယ်လို့ ဂျပန်အစိုးရ စစ်တမ်းတစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။

ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ် နဲ့ ကောလိပ်တွေ၊ နည်းပညာ ကောလိပ် တွေမှာ စစ်တမ်း တစ်ရပ်ကောက်ယူခဲ့ပါတယ်။ အဲဒီအထဲက ၉၅ရာခိုင်နှုန်း ဖြစ်တဲ့ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းပေါင်း ၁၀၀၉ ကျောင်းက စစ်တမ်းကို ဖြေကြားခဲ့ပါတယ်။
ကျောင်းထွက်ရတဲ့ အဓိကအကြောင်းရင်းတစ်ခုအဖြစ် ကိုရိုဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တွေ့ရှိခဲ့ပါတယ်။
စစ်တမ်းရလဒ်အရ၊ ကပ်ရောဂါကြောင့် ကျောင်းသူကျောင်းသား ၁၃၆၇ ဦး ဟာ ကျောင်းကနေ အပြီးထွက်ခဲ့ပြီး၊ ၄၄၃၄ ဦး တို့က ကျောင်းနားခဲ့ပါတယ်။
ဂျပန်တစ်နိုင်ငံလုံးမှာ ၈လတာ ကာလအတွင်း ကျောင်းသူကျောင်းသား စုစုပေါင်း ၂၈၆၄၇ ဦး ကျောင်းကနေ အပြီးထွက်ခဲ့ပါတယ်။ ဒါဟာ ရှေ့တစ်နှစ်က အလားတူ ကာလရဲ့ အရေအတွက်နဲ့ စာလျှင် ၂၀ရာခိုင်နှုန်း လောက် ကျဆင်းခဲ့ပါတယ်။
ကျောင်းကနေ ခွင့်ယူပြီး ပညာသင်တာရပ်နားထားသူ ကတော့ ၆၅၆၇၀ ဦး ရှိခဲ့ပြီး ‌ရှေ့တစ်နှစ်ကထက် ၁၀ရာခိုင်နှုန်းနီးပါး လျော့နည်းပါတယ်။
ကိုဗစ်ကပ်ဘေးကျရောက်တဲ့ ကာလအတွင်း ထောက်ပံ့မှုပေးခြင်းတွေ စတင်လုပ်ဆောင်ခဲ့တဲ့အတွက် အဲဒီလို အရေအတွက် ကျဆင်းခဲ့တာလို့ ပညာရေးဝန်ကြီးဌာနက ယူဆထားပါတယ်။
တက္ကသိုလ်နဲ့ကောလိပ်ကျောင်းတွေရဲ့ ၉၉ ရာခိုင်နှုန်းတို့က ဒုတိယ ပညာသင်နှစ်ဝက်အတွက် ကျောင်းလခပေးသွင်းရမယ့်နောက်ဆုံးနေ့ကို ရက်ရွှေ့ပေးခြင်း၊ ၇၄ ရာခိုင်နှုန်းကတော့ ငွေကြေးအခက်အခဲရှိတဲ့ ကျောင်းသားတွေအတွက် ကျောင်းလခလျှော့ပေး ခြင်း ဒါမှမဟုတ် ကင်းလွတ်ခွင့်ပေးခြင်း စတာတွေလုပ်ပြီး ‌ထောက်ပံ့ခဲ့ ပါတယ်။
အစိုးရကလည်း ပြီးခဲ့တဲ့ ဧပြီလကစပြီး နိုင်ငံ့ပညာသင်ဆုပေးတဲ့ စနစ်တစ်ခု ကို စတင်ထူထောင်ကျင့်သုံးပြီး ဝင်ငွေနိမ့်တဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ခဲ့ပါတယ်။ ဒီဇင်ဘာလ ကာလအထိ ကျောင်းသူကျောင်းသား ၂၇၀၀၀၀ အတွက် ပညာသင်ဆုထောက်ပံ့ပေးခဲ့ကြောင်း ပညာရေးဝန်ကြီး ဌာန က ပြောပါတယ်။