ဂျပန်ကို ဒုတိယအသုတ် ကိုဗစ်ကာကွယ်ဆေး ရောက်ရှိ

အမေရိကန် Pfizer ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအသုတ်ဟာ ဂျပန်နိုင်ငံ ရောက်ရှိလာပါတယ်။

အဲဒီဆေးတွေဟာ ဘယ်လ်ဂျီယံနိုင်ငံကတစ်ဆင့် တိုကျိုအနီးက Narita လေဆိပ်ကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့တာဖြစ်ပါတယ်။
အထူးအအေး‌ထိန်းထားတဲ့ ရေခဲဗူးထဲထည့်ပြီးသယ်ဆောင်လာတဲ့ ဆေးပုလင်းတွေကို ဂိုထောင်တစ်ခုဆီ သယ်သွားပြီးတဲ့နောက် အဲဒီကတစ်ဆင့် လေဆိပ်ပြင်ပ က သိုလှောင်ထားရှိမယ့်နေရာတစ်ခုဆီ ထရပ်ကားတွေနဲ့ သယ်ဆောင်ခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ပထမအသုတ် ကာကွယ်ဆေးတွေရောက်ခဲ့ပြီး အခု နောက်တစ်ကြိမ်ထပ်ရောက်လာတာဖြစ်ပါတယ်။ တကယ်လို့ ကာကွယ် ဆေးတစ်ပုလင်းကနေ ဆေး ၆ကြိမ် အများဆုံး ရအောင် ထိုးပေးနိုင်ခဲ့မယ် ဆိုရင် အခုတစ်ခေါက်ရောက်လာတဲ့ ဆေးဟာ အကြိမ်ပေါင်း ၄၅၀၀၀၀ကျော် ထိုးပေးနိုင်တဲ့ ပမာဏဖြစ်ပါတယ်။
ပထမအသုတ်ရောက်ခဲ့တဲ့ ဆေးတွေနဲ့ပေါင်းရင် ဂျပန်ဟာ လူဦးရေ ၄၂၀၀၀၀ နီးပါးအတွက် လိုအပ်တဲ့ ကာကွယ်ဆေးကို လက်ခံရရှိပြီးဖြစ်ပါတယ်။
ဂျပန်အစိုးရဟာ မတ်လ ၁ရက်နေ့ကစပြီး သီတင်း ၂ပတ်အတွင်းမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် ဆေး အကြိမ်ပေါင်း ၁.၁၇ သန်း ထိုးပေးနိုင်မယ့် ကာကွယ်ဆေးတွေကို ခရိုင်အသီးသီးဆီ ဖြန့်ဝေ ပေးပို့ဖို့ စီစဉ်ထားပါတယ်။
ဥရောပ သမဂ္ဂ (EU) ကနေ ခွင့်ပြုချက်ရပြီဆိုတာနဲ့ ကာကွယ်ဆေးတွေ ကို လေ‌ယာဉ်နဲ့ နောက်ထပ်သယ်ယူဖို့ စီစဉ်ထားပါတယ်။
ကာကွယ်ဆေးအထိုးခံမယ့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းဦးရေဟာ မူလက အကြမ်းဖျင်း ခန့်မှန်းထားတဲ့ ၃.၇ သန်းရှိမယ်ဆိုတာထက် အယောက် တစ်သန်း ပိုများဖွယ်ရှိတယ်လို့ သိရပါတယ်။