အမေရိကန် သမ္မတ G7 နဲ့ Munich လုံခြုံရေးညီလာခံမှာ မိန့်ခွန်း ပြောကြား

ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုတိုးတက်အောင် ဆောင်ရွက်ပြီး တရုတ်ရဲ့ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်ဖို့ အတူတကွ လုပ်ဆောင်ရန်အတွက် ကတိကဝတ်ကို အမေရိကန် သမ္မတ Joe Biden က အတည်ပြု ပြောကြားခဲ့ပါတယ်။

မစ္စတာ Biden ဟာ သူ့အတွက် ပထမဆုံး G 7 ထိပ်သီး အစည်းအဝေးကို သောကြာနေ့မှာ တက်ရောက်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲတွေကို အွန်လိုင်းကနေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါနဲ့ ကမ္ဘာကြီးပူနွေးလာမှု တို့လိုမျိုး ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ သူက အလေးထား ပြောကြားခဲ့ပါတယ်။ ဒါဟာ သမ္မတဟောင်း Donald Trump ရဲ့ "အမေရိကသာ ပထမ" ဆိုတဲ့ ရပ်တည်ချက်ကနေ ခွဲထွက်မှုလို့ ရှုမြင်ရပါတယ်။
မစ္စတာ Biden က အဲဒီနေ့နှောင်းပိုင်းမှာ Munich လုံခြုံရေး ညီလာခံမှာလည်း အွန်လိုင်းကနေ စကားပြောခဲ့ပါတယ်။
ကမ္ဘာကြီးဟာ အနာဂတ်နဲ့ ပတ်သက်ပြီး "အခြေခံကျတဲ့ ဆွေးနွေးငြင်းခုံမှုနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်"လို့ သူက ဆိုပြီး စက်မှုလုပ်ငန်းဆိုင်ရာ ပြောင်းလဲမှုနဲ့ ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါ စတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် " သက်ဦးဆံပိုင်စနစ်က အကောင်းဆုံး နည်းလမ်းဖြစ်တယ်" လို့ တစ်ချို့က ပြောနေကြတယ်လို့ မစ္စတာ Biden က ပြောပါတယ်။
ဒါပေမယ့် ဒီမိုကရေစီစနစ် အောင်မြင်ရမယ်၊ ရှင်သန်လိမ့်မယ် လို့ ယုံကြည်ကြောင်း သူက ပြောကြားခဲ့ပါတယ်။
တရုတ်နဲ့အကြား ရေရှည် မဟာဗျူဟာမြောက် ယှဉ်ပြိုင်မှုအတွက် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ အတူတကွ ပြင်ဆင်ကြဖို့ သူက အကြံပြုခဲ့ပါတယ်။