TEPCO ကုမ္ပဏီ က ပုံပျက်သွားတဲ့ လောင်စာယူနစ်တွေကို ဓာတ်ပေါင်းဖိုထဲ က ဖယ်ထုတ်

၂၀၁၁ခုနှစ်က ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခုနဲ့ ဆူနာမီ ဖြစ်ပွားပြီးတဲ့နောက် အကြီးအကျယ် ထိခိုက်ပျက်စီးသွားတဲ့ Fukushima အမှတ်(၁) နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံရဲ့ နံပါတ် ၃ ဓာတ်ပေါင်းဖို အဆောက်အအုံ အတွင်းမှာရှိတဲ့ သိုလှောင်ကန်ထဲကနေ ပုံပျက်သွားတဲ့ နျူကလီးယား လောင်စာ အစိတ်အပိုင်း ၄ ခု ကို တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ (TEPCO) က ဖယ်ထုတ်လိုက်ပါတယ်။ ဒါဟာ အဲဒီစက်ရုံကို ပိတ်ပစ်ဖို့အတွက် ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

အခုလမှာ အဲဒီလောင်စာယူနစ် ၄ လုံးကို ဖယ်ရှားဖို့ စတင်လုပ်ဆောင်ခဲ့ပြီး ဒီတစ်ပတ်မှာ ပြီးစီးခဲ့တယ်လို့ TEPCO က ဆိုပါတယ်။
ပုဂ္ဂလိကကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ ကိရိယာကို အသုံးပြုပြီး TEPCO က အဲဒီလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီယူနစ်လေးခုဟာ သိုလှောင်ကန်အတွင်းက မ ယူခဲ့စဉ်တုန်းက အနည်းငယ် တိမ်းစောင်းသွားခဲ့ပေမယ့် ဖယ်ထုတ်တဲ့လုပ်ငန်းဟာ အန္တရာယ်ကင်းကင်းနဲ့ ပြီးဆုံးခဲ့တယ်လို့ TEPCO က ပြောပါတယ်။
အဲဒီ ပုံပျက်သွားတဲ့ အစိတ်အပိုင်း ၄ ခု အပါအဝင် အသုံးမပြုရသေးတဲ့ ယူနစ်တွေနဲ့ အသုံးပြုပြီးတဲ့ လောင်စာ ယူနစ် ၅၆၆ ခုလုံးကို သိုလှောင်ကန်ထဲကနေ စက်ရုံဝင်း ထဲမှာရှိတဲ့ စိတ်ချရတဲ့အဆောက်အအုံတစ်ခုထဲကို TEPCO က ၂၀၁၉ ခုနှစ် ဧပြီလမှာ စတင်ရွှေ့ပြောင်းခဲ့ပါတယ်။
သိုလှောင်ကန်ထဲမှာ အခုလက်ရှိ ကျန်နေသေးတဲ့ လောင်စာယူနစ် ၂၂ ခုလုံးကို နောက်လကုန် မတိုင်မီ ဖယ်ထုတ်ဖို့ TEPCO က မျှော်လင့်နေပါတယ်။