အိုစာကာ ခရိုင်က ဖေဖော်ဝါရီ လကုန်မှာ အရေးပေါ်အခြေအနေကို ရုပ်သိမ်းပေးစေချင်

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းသိမ်းရေးအတွက် ထုတ်ထားတဲ့ အရေးပေါ်အခြေအနေကို ဖေဖော်ဝါရီ လကုန်မှာ ရုပ်သိမ်းပေးဖို့ ဗဟိုအစိုးရထံ တောင်းဆိုရန် ဂျပန်နိုင်ငံအနောက်ပိုင်း အိုစာကာ ခရိုင်က ဆုံးဖြတ်ခဲ့ပါတယ်။

အရေးပေါ်အခြေအနေက ခရိုင် ၁၀ ခုမှာ မတ်လ ၇ ရက်နေ့အထိ ထုတ်ထားတာဖြစ်ပါတယ်။
ကူးစက်ခံရသူအသစ် အရေအတွက်နဲ့ ရောဂါအခြေအနေ ဆိုးဝါးသူ လူနာတွေတက်ရောက်ကုသမှုခံယူနေတဲ့ ဆေးရုံကုတင် အရေအတွက် ယေဘုယျအားဖြင့် ကျလာနေပြီဖြစ်တယ်လို့ အိုစာကာ ခရိုင်အုပ်ချုပ်ရေးအရာရှိတွေက ဆိုပါတယ်။
ဒါပေမယ့် ဗဟိုအစိုးရအတွင်းက ခြုံငုံသုံးသပ်မှုက ကူးစက်ခံရသူအသစ် အရေအတွက် ကျလာနေပြီ ဖြစ်ပေမယ့် ရောဂါပျံ့နှံ့မှုကိုထိန်းသိမ်းရန် ဆက်လုပ်ဖို့ လိုသေးတယ်လို့ ဆိုပါတယ်။
ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က သောကြာနေ့ ညနေပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါတုံ့ပြန်ရေးဆိုင်ရာတာဝန်ခံအဖြစ် တာဝန် ယူဆောင်ရွက်နေတဲ့ စီးပွားရေး ပြန်လည် အားကောင်းလာစေရေးဆိုင်ရာ ဝန်ကြီး Nishimuara Yasutoshi ၊ ကျန်းမာရေး ဝန်ကြီး Tamura Norihisa တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ လက်ရှိ အခြေအနေကို မစ္စတာ Suga အား အကျဉ်းချုံး ရှင်းပြခဲ့ပါတယ်။
မစ္စတာ Nishimuara က ခရိုင်အုပ်ချုပ်ရေးမှူးတွေ ဘာတွေပြောကြမယ်ဆိုတာကိုနားထောင်၊ အချက်လက်တွေကို မျှဝေ၊ ကျွမ်းကျင်သူတွေပြောတာကို နားထောင်ပြီးမှ အရေးပေါ်အခြေအနေအတွက် သူ ဆုံးဖြတ်ချင်တယ်လို့ ပြောခဲ့ပါတယ်။