မစ္စတာ Suga ဂျပန်ဝန်ကြီးချုပ်အဖြစ်နဲ့ G7 အစည်းအဝေးကို ပထမဦးဆုံး အကြိမ်တက်ရောက်

ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က ဒီနှစ်နွေရာသီမှာ တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲကြီးကို ကျင်းပရန် သူ့ရဲ့ ဆုံးဖြတ်ချက်ကို စက်မှုအင်အားကြီး ၇ နိုင်ငံ (G7) ကို ပြောကြားခဲ့ပါတယ်။

ဂျပန်စံတော်ချိန် သောကြာနေ့ ည ၁၁ နာရီ ထိုးပြီးပြီးချင်းမှာ ခေါင်းဆောင်တွေ ဗီဒီယိုကွန်ဖရင့်ကို ပြုလုပ်ခဲ့ကြတာပါ။ ဒီအစည်းအဝေးက မစ္စတာ Suga ၊ အမေရိကန်သမ္မတ Joe Biden နဲ့ အီတလီ ဝန်ကြီးချုပ် Mario Draghi တို့ပါဝင်တဲ့ G7 နိုင်ငံတွေရဲ့ ပထမဦးဆုံး အစည်းအဝေး ဖြစ်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေမှုနဲ့ပတ်သက်ပြီး ပြောကြားရာမှာ ကာကွယ်ဆေးက ရောဂါပျံ့နှံ့မှု ထိန်းသိမ်းရေးအတွက် အဓိက ဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် မျှတစွာ ကာကွယ်ဆေးရရှိနိုင်ဖို့ လိုအပ်မယ်လို့ မစ္စတာ Suga က ပြောခဲ့ပါတယ်။
ကာကွယ်ဆေး ဖြန့်ချိရေးကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် နဲ့ ကျန်းမာရေးကိစ္စတွေမှာ ကိုယ်ကျိုးစီးပွားအလေးပေးချဉ်းကပ်မှုကို ဆန့်ကျင်ဖို့ ဆော်သြခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ဝယ်ယူဖြန့်ချိရေး မှုဘောင်တစ်ခုအတွက် ဂျပန်နိုင်ငံက အမေရိကန် ဒေါ်လာ သန်း ၂၀၀ ပိုမို ထည့်ဝင်ဖို့ မစ္စတာ Suga က ကတိပြုခဲ့ပါတယ်။
တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲကြီးက လူသားတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့တယ်ဆိုတဲ့ သက်သေဖြစ်လာနိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။
ဘေးအန္တရာယ်ကင်းတဲ့အားကစားပွဲကြီးကျင်းပနိုင်ရန် နိုင်ငံတကာအိုလံပစ်ကော်မတီနဲ့အတူ သူ လုပ်ဆောင်သွားမယ်လို့ မစ္စတာ Suga က ပြောခဲ့ပါတယ်။