ငလျင်လှုပ်ချိန်မှာ လုပ်ဆောင်စရာများ (၅)

နောက်ထပ် ရက်အတော်ကြာ အင်အားပြင်း ငလျင် လှုပ်ခတ်နိုင်ဖွယ် ရှိတဲ့အတွက်ကြောင့် ပြည်သူတွေ သတိထားကြဖို့ ဂျပန်အစိုးရ ကျွမ်းကျင်သူတွေရဲ့ ကော်မတီက သတိပေးနေပါတယ်။

ဂျပန် အရှေ့မြောက်ပိုင်း ဖူကုရှီမနဲ့ မီယာဂီ ခရိုင်တွေမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မဂ္ဂနီကျုဒ် ၇.၃ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီးနောက်ပိုင်း အဲဒီလို သတိပေးခဲ့တာဖြစ်ပါတယ်။ အဲဒီငလျင်ဟာ ၀ ကနေ ၇ အဆင့်ထိရှိတဲ့ ဂျပန်ငလျင်တိုင်းတာရေး စနစ်အရ ၆ အပြင်းစား အဆင့် ရှိခဲ့ပါတယ်။
ဒီတစ်ပတ်မှာတော့ ပြင်းထန်တဲ့ ငလျင်ကြီး တစ်ခု လှုပ်ခဲ့ရင် ဘယ်လိုတုံ့ပြန်ဆောင်ရွက်ရမလဲ ဆိုတာနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို တင်ဆက်နေပါတယ်။ ဒီနေ့တော့ ငလျင်ကြောင့် လျှပ်စစ်မီးနဲ့ ဓာတ်ငွေ့ စတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းသွားရင် ဘာလုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး အဓိကထားပြီး တင်ဆက်ပါမယ်။
ပထမဆုံးအနေနဲ့ ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ရင် ရေပြတ်လတ်နိုင်ပါတယ်။ အဲဒီလို ဖြစ်ခဲ့ရင် အိမ်သာရေလောင်းဖို့အတွက် ရေမရှိတော့ပါဘူး။ အဲဒါကြောင့် အိမ်တွင်းမှာ သုံးဖို့အတွက် ကြိုပြီး ရေသိုလှောင်ထားပါ။ ရေချိုးကန်ထဲမှာ ရေသိုလှောင်တာမျိုး လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အိမ်မှာ ကလေးငယ်ရှိရင်တော့ ရေချိုးကန်ထဲ ကလေးပြုတ်မကျအောင် အထူးသတိထားဖို့ လိုပါတယ်။

တခြားမှတ်သားထားသင့်တာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁) အရေးပေါ်အနေအထားမှာ သုံးတဲ့ အိမ်သာအိုးနဲ့ ခေါင်းလျှော်ရည်တွေ ဂျပန်မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။
၂) တစ်ရှူးအစိုတွေကို ဝယ်ယူစုဆောင်းထားပါ။
၃) ပန်းကန်တွေကို အစားအစာထုပ်ပိုးတဲ့ ပလတ်စတစ်နဲ့ အုပ်ပိုးပြီးမှ သုံးရင် ရေကို ချွေတာနိုင်ပါတယ်။

ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ပြီးသွားရင် လျှပ်စစ်မီးလည်း ပြတ်သွားနိုင်ပါတယ်။ လျှပ်စစ်မီးပြတ်တယ်လို့ ပြောရင် လူ တော်တော်များများက မီး အလင်းရောင် မရတော့ဘူးလို့ပဲ တွေးတတ်ကြပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးမလာရင် ရုပ်မြင်သံကြားနဲ့ စမတ်ဖုန်းတွေကနေ သတင်းအချက်အလက် ရယူတာမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီလို အခြေအနေတွေအတွက်
၁) လက်ကိုင်ဓာတ်မီးတွေကို ဆောင်ထားပါ။
၂) ခေါင်းမှာ စွပ်ပြီး သုံးတဲ့ ဓာတ်မီး ဒါမှမဟုတ် လည်ပင်းမှာ ချိတ်ပြီးသုံးတဲ့ ဓာတ်မီးတွေဟာလည်း အသုံးဝင်ပါတယ်။
၃) ငလျင်လှုပ်ပြီးနောက် အိမ်မှာ နေဖို့ စီစဉ်ထားတယ်ဆိုရင် ဓာတ်မီးအကြီးစားတွေကို ဆောင်ထားပါ။ အချိန်အတော်ကြာ လျှပ်စစ်မီး ပြတ်တဲ့အခါမျိုးမှာ အထူးသဖြင့် LED မီးတွေဟာ အသုံးဝင်ပါတယ်။

အိတ်ဆောင်ရေဒီယိုနဲ့ စမတ်ဖုန်းအတွက် ဓာတ်ခဲအပိုတွေ ဆောင်ထားရင် သတင်းအချက်အလက်တွေ စုဆောင်းရတာ ပိုလွယ်ကူပါလိမ့်မယ်။ ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ပြီးသွားတဲ့နောက်ပိုင်း ဓာတ်ငွေ့ ပြန်ရဖို့ဆိုတာ အချိန်အကြာဆုံး ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း မှတ်သားထားသင့်ပါတယ်။ ဟင်းချက် ပစ္စည်းကိရိယာတွေ ရှိရင် အစားအသောက်တွေကို နွှေးပြီး စားနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး သယ်ရလွယ်ကူတဲ့ ဓာတ်ငွေ့ မီးဖို သုံးမယ်ဆိုရင် လူတစ်ယောက်စာအတွက် သီတင်းတစ်ပတ်မှာ အဲဒီမီးဖိုအတွက် သုံးတဲ့ အသေးစား ဓာတ်ငွေ့ဘူး ၆ ဘူး လိုအပ်ပါတယ်။
အခုတင်ဆက်နေတဲ့ သတင်းအချက်အလက်တွေကို NHK ရဲ့ အင်တာနက်စာမျက်နှာနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း ဖတ်ရှုနိုင်ပါတယ်။