အီရန်အပေါ် ကုလရဲ့ ဒဏ်ခတ်အရေးယူမှု ပြန်ကျင့်သုံးရေး တောင်းဆိုမှု အမေရိကန် ရုပ်သိမ်း

သမ္မတ Trump လက်ထက်မှာ အီရန်အပေါ် ကုလသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ပြန်လည်ကျင့်သုံးဖို့ ကြေညာခဲ့တာကို သမ္မတ Joe Biden ရဲ့ အမေရိကန်အစိုးရက ရုပ်သိမ်းလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ယာယီသံအမတ်က အမေရိကန်ပြည်ထောင်စုဟာ ဒဏ်ခတ်အရေးယူမှုလုပ်ဖို့ တောင်းဆိုထားချက်ကို ရုပ်သိမ်းပြီလို့ ကြာသပတေးနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို စာရေးသားခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက အစီရင်ခံဖော်ပြကြပါတယ်။
အီရန်ဟာ ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်နေတယ်ဆိုပြီး Trump အစိုးရက အဲဒီစာချုပ်ပါ ဒဏ်ခတ်ပိတ်ဆို့မှုကို ပြန်လည်ကျင့်သုံးဖို့ ကြိုးစားလုပ်ဆောင် နေခဲ့ပါတယ်။ အမေရိကန်ရဲ့ အဲဒီစိတ်ကူးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်အားလုံးနီးပါးက ဆန့်ကျင်ခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီသဘောတူညီချက်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြင်သစ် ဂျာမဏီ နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
အီရန်ရဲ့ ယူရေနီယံသန့်စင်မှုနဲ့ ထုတ်လုပ်မှုတွေကို တိုးမြှင့်ဖို့ လတ်တလော လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အားလုံးစိုးရိမ်ကြတယ်ဆိုတာကို သူတို့တတွေရဲ့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
မစ္စတာ Blinken က အီရန်ဟာ ကတိအတိုင်းလုပ်ဆောင်မယ်ဆိုရင် အမေရိကန်လည်း အလားတူလုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး က အဲဒီတာဝန်ကို သူ့နိုင်ငံအပေါ်မှာပဲ ပုံချမထားသင့်ဘူးလို့ တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။ အဲဒီအစား မစ္စတာ Trump ရဲ့ အစဉ်အလာဖြစ်တဲ့ အီရန်အပေါ် “စီးပွားရေးအရအကြမ်းဖက်တဲ့လုပ်ရပ်” ကို အဆုံးသတ်ဖို့ နိုင်ငံတွေအနေနဲ့ တောင်းဆိုသင့်တယ်လို့ ဆိုပါတယ်။