ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူစာချုပ်မှာ အမေရိကန် ပြန်ပါဝင်လာ

အမေရိကန်ပြည်ထောင်စုဟာ ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူစာချုပ်ထဲကို သောကြာနေ့က ပြန်လည်ဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

သမ္မတJoe Biden က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာ အမေရိကန်အစိုးရက အဲဒီသဘောတူစာချုပ်ထဲ ဝင်ဖို့ ကုလသမဂ္ဂထံ လျှောက်လွှာတင်သွင်းခဲ့ပါတယ်။
မနှစ်ကနိုဝင်ဘာလမှာ အဲဒီတုန်းကသမ္မတ Donald Trump အစိုးရလက်ထက်မှာ အမေရိကန်ပြည်ထောင်စုဟာ အဲဒီသဘောတူစာချုပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။
သမ္မတBiden အစိုးရဟာ ၂၀၅၀ ပြည့်နှစ်မတိုင်မီ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညအဆင့်အထိရောက်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ လျှော့ချရေး ရည်မှန်းချက်ကိုလည်း ဧပြီလနောက်ဆုံးထားပြီး ကုလသမဂ္ဂကို တင်သွင်းမယ်လို့ မျှော်လင့်ရပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ဖြတ်တောက်လျှော့ချရေးအတွက် အကူအညီပေးတဲ့နည်းလမ်းတစ်ခု အနေနဲ့ ငွေကြေးထောက်ပံ့ရေးအစီအစဉ်ကိုလည်း လေ့လာမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဧပြီလ ၂၂ ရက်နေ့မှာ ဖန်လုံအိမ်ဓာတ်ငွေ့ အဓိကထုတ်လွှတ်တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာလည်း ဖြစ်ပါတယ်။
သမ္မတ Biden ဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ နိုင်ငံ့လုံခြုံရေးတွေကို စဉ်းစားရာမှာ ရာသီဥတုပြောင်းလဲမှုကိစ္စကို အဓိကမဏ္ဍိုင်အဖြစ်ထားပါတယ်။