မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်မှုတွေ ဗြိတိန်နဲ့ ကနေဒါ ချမှတ်

အာဏာသိမ်းမှုမှာ ပါဝင်ခဲ့ကြတဲ့ မြန်မာ စစ်တပ် ခေါင်းဆောင်တွေအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဗြိတိန်နဲ့ ကနေဒါတို့က ကြေညာလိုက်ပါတယ်။

အစောပိုင်းမှာ အမေရိကန်ပြည်ထောင်စုက အလားတူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ခဲ့တဲ့ နောက် အခုလို လုပ်ဆောင်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန် အစိုးရက ကြာသပတေးနေ့မှာ မြန်မာ စစ်တပ်အရာရှိ ၃ ဦး အပေါ် ခရီးသွားလာမှု ပိတ်ပင်ပြီး ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းလိုက်တယ်လို့ ပြောပါတယ်။
ဗြိတိန်ဟာ ဒီအာဏာသိမ်းမှု မတိုင်ခင်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြပြီး စစ်တပ်အဖွဲ့ဝင် အများအပြားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီးဖြစ်ပါတယ်။ အဲဒီသူတွေအထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ပါဝင်ပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ဗြိတိန်ဟာ နိုင်ငံတကာ မဟာမိတ်တွေနဲ့အတူ မြန်မာပြည်သူတွေရဲ့ အမှန်တရားအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောလိုက်ပါတယ်။
ကနေဒါကလည်း ကြာသပတေးနေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ် အရာရှိ ၉ ဦး အပေါ် အလားတူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Marc Garneau က ကနေဒါအနေနဲ့ မြန်မာ စစ်တပ်အပေါ် သူ့ရဲ့ နိုင်ငံတကာ မိတ်ဖက်နိုင်ငံတွေက တောင်းဆိုထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ပြောကြားခဲ့ပါတယ်။